ထောက်ပို့မသွားနိုင်တဲ့ အိမ်တွေကို ဆန်တစ်ပုံးနဲ့ ငွေ ၅ သောင်း ကောက်ခံနေဟုဆို
ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန်ဖူးဒေသတွေမှ ရှေ့တန်းစစ်မျက်ပြင်အတွက် ထောက်ပို့မလိုက်နိုင်တဲ့ အိမ်ထောင်စုတွေကို ဆန်တစ်ပုံးနဲ့ ငွေကျပ် ၅ သောင်း ကောက်ခံနေတယ်လို့ ဒေသခံတွေပြောပါတယ်။
၂၀၂၆ ခုနှစ် မေလပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဦးတန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်ထဲက လာဟီဆင် (Lahisen) စခန်းဘက်ကို စစ်ကြောင်းပြန်ထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကြောင်းအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ယူဖို့ အရပ်သားတွေကို အတင်းအကျပ် လိုက်လံခေါ်ယူနေတယ်လို့ နောင်မွန်မြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ဒီနေ့က ပြည်သူ့စစ်အဖွဲ့တွေက ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး စစ်ဆင်ရေးပေါ့နော်။ ရှေ့တန်းကို ရိက္ခာပို့ပေးရမယ်၊ အထမ်းထမ်းပေးရမယ်ဆိုတဲ့ စာတွေ ရောက်လာတယ်။ မသွားနိုင်တဲ့သူတွေက ဆန်တစ်ပုံးနဲ့ ပိုက်ဆံငါးသောင်း ထည့်ပေးရမယ်တဲ့။ မသွားနိုင်တဲ့သူတွေက စာရင်းလာပေးကြပါတဲ့။ အဲ့လိုစာ ရောက်လာတယ်“ လို့ နောင်မွန်မြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
ရဝမ်ပြည်သူ့စစ်တပ်ဖွဲ့က စစ်ကြောင်းအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း သယ်ယူဖို့ အရပ်သားတွေ ခေါ်ယူတဲ့စနစ်ကို ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီချိန်တုန်းက နောင်မွန်နဲ့ ခေါင်လန်ဖူးမြို့ခံတွေကိုသာ အဓိက ခေါ်ယူခဲ့ပေမယ့် ၂၀၂၆ ခုနှစ်ကစပြီး ပူတာအိုမြို့ခံတွေကိုပါ ခေါ်ယူနေပြီး၊ ယခင်နှစ်တွေက မကျင့်သုံးခဲ့တဲ့ ဆန်တစ်ပုံးနဲ့ ငွေကျပ် ၅ သောင်း ကောက်ခံတဲ့စနစ်ကိုပါ ကျင့်သုံးလာတယ်လို့ သိရပါတယ်။
“အရင်နှစ်တွေတုန်းကတော့ နောင်မွန်နဲ့ ခေါင်လန်ဖူးဘက်မှာပဲ ခေါ်တာဟုတ်တယ်။ ဒါပေမယ့် အခုတစ်ခေါက်ကတော့ ပူတာအိုမြို့ပေါ်အထိ ခေါ်နေပြီ။ ပူတာအိုဘက်က လူတွေလည်း အဲ့ဘက်ကိုသွားပြီး အထမ်းထမ်းပေးရမယ်တဲ့။ ရှေ့တန်းမှာဆိုတော့ စိတ်မကောင်းကြဘူး။ အဲ့တာကြားတော့ မသွားနိုင်ရင် ဆန်တစ်ပုံး၊ ငွေငါးသောင်းတဲ့။ ဒီလကနေ စကောက်မှာ။ ဘယ်ချိန်ထိ ကောက်မယ်ဆိုတာတော့ မပြောထားဘူး။ တစ်လပဲလား၊ နောက်လတွေလည်း ကောက်မလားတော့ မသိဘူး” လို့ ပူတာအိုမြို့၊ သုတ္တန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထောက်ပို့အတွက် လူခေါ်ယူရာမှာ ရဝမ်ရိုးရာအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ဆိုထားပြီး၊ အကြောင်းကြားစာတွေဟာ အသင်းတော်တွေထံအထိ ရောက်ရှိလာတယ်လို့လည်း ပြောပါတယ်။
“ဒေသအတွက် ကူညီပေးရမယ်လို့ ပြောပြီးမှ ရဝမ်ပြည်သူ့စစ်က လူတွေ၊ ရိုးရာက လူတွေအဲ့လိုလုပ်နေတယ်။ စာတွေက အသင်းတော် (ခရစ်ယာန်ဘာသာ အသင်းတော်) တိုင်းကို ရောက်လာတယ်” လို့ အထက်ဖော်ပြပါ နောင်မွန်မြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။

ရဝမ်ပြည်သူ့စစ်တပ်ဖွဲ့က ရှေ့တန်းစစ်မြေပြင်မှာ ထောက်ပို့အတွက် အရပ်သားခေါ်ယူတာဟာ နောင်မွန်၊ ခေါင်လန်ဖူးမြို့ပေါ်တွေမှာ ယခုတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး၊ ပူတာအိုမြို့ပေါ်မှာတော့ ယခုပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရပါတယ်။
ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်မြို့နယ်တွေမှာတော့ အဓိကအားဖြင့် ရဝမ်၊ လီဆူ၊ ကချင်၊ ရှမ်း မျိုးနွယ်စုတွေ စုရုံးနေထိုင်လျက်ရှိပြီး၊ လက်နက်ထောက်ပို့ ခေါ်ယူတဲ့နေရာမှာတော့ ရဝမ်မျိုးနွယ်စုတစ်ခုတည်းကိုသာ ခေါ်ယူနေကြောင်း ဒေသခံတွေပြောပါတယ်။
လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်ရေးအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပြီး ချီဖွေ၊ ပန်ဝါနဲ့ လန်ဆယ်ဒေသဘက်ကို ဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။
အဆိုပါစခန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီနဲ့ ရဝမ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်က ၂၀၂၅ ခုနှစ်အတွင်း အကြိမ်ကြိမ် ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
By – Zaw Zaw




