ယူမာကူးတို့ဆိပ်မှာ ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲဖြေရှင်းပေးဖို့ပြည်သူတွေတောင်းဆို
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ ကူးတို့ဆိပ်ကမ်းမှာ ယာဉ်ကြီး၊ ယာဉ်ငယ်ကားပိတ်ဆို့ ကျန့်ကြာမှုတွေကြောင့် ဖားကန့် ပြည်သူတွေ ခရီးသွားလာဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ယူမာကျေးရွာကနေ ဖားကန့်၊ ဆိုင်းတောင် ဘက်ကိုအဓိက သွားလာတဲ့ လမ်းကူးတံတားကြီးဟာ ဥရုချောင်းနေမြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ ရုတ်သိမ်းလိုက်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
တံတားရုတ်သိမ်းလိုက်ပြီးနောက် အဲ့ဒီနေရာမှာ ကူးတို့ဆိပ်ပြန်လည်ထားရှိပြီးနောက် စက်လှေခနှုန်းထားစျေးကြီးသလို တစ်ဖက်ကမ်းကို ကူးနိုင်ဖို့ အနည်းဆုံး ၂ နဲ့ ၃ နာရီကြား ခရီးကျန့်ကြာမှုတွေဖြစ်ပေါ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။
“အခုကျနော်တို့ စပေါ့ကနေ ကူးရင်တောင် ၂ နာရီ၊ ၃ နာရီကြာတယ်။ မြောင်းလည်းကျဉ်းတော့ အများကြီးတန်းစီလို့လည်းမရဘူး။ အခုက စက်လှေက ၂ စင်းထဲနဲ့ အသွားအပြန်ဆိုတော့ ပိုပြီးကြာသွားပြီလေ။ အရေးတကြီးနဲ့ ဖားကန့်ကို သွားဖို့ လာဖို့ဆိုရင် အခုချိန်ဆို အရမ်းခက်ခဲနေပါတယ်”လို့ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ကူးတို့ဆိပ်မှာ ဖြတ်ကူးနိုင်ဖို့ တန်းစီရတဲ့ အချိန် ၃ နာရီခန့်ကြာမြင့်တဲ့အပြင် ကားတစ်စီးကို ၉ ထောင်ကျပ်ပေးဆောင်ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဂွေခါ၊ ဆိုင်းအောင်၊ မှော်ရှန်၊ တာမခံ၊ နမ့်မော်၊ စပေါ့၊ တောင်းကော့၊ ကောင်ဆန့်၊ ကရင်ဂျောင် စတဲ့ ကျေးရွာပြည်သူတွေအနေနဲ့ ဖားကန့်၊ ဆိုင်းတောင်ဘက်ကို သွားလာဖို့အခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။

ဖားကန့် နဲ့ ဆိုင်းတောင်ကျေးရွာအုပ်စု နှစ်ခုစလုံးကိုတိုက်ရိုက်ဆက်သွယ်ထားတဲ့ ယူမာ မိန်းလမ်းမကြီးကို စစ်ရေးအခြေအနေကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပိတ်ထားပြီး ဥရုချောင်းကို တံတားဆောက်ကာ ပြည်သူတွေသွားလာနေတာ တစ်နှစ်ကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
မိုးတွင်းအခါ ဥရုချောင်းရေမြင့်တက်လာချိန် တံတားရုတ်သိမ်းလိုက်ပြီး လုပ်ငန်းရှင်တွေကို လေလံဖြင့် ကူးသို့ဆိပ်ကမ်းထားရှိပြီးတော့ သွားလာခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။
လမ်းပိုင်းသွားလာရေးအခြေအနေနဲ့ပတ်သက်ပြီးနောက်ထပ် ဖားကန့် ပြည်သူတစ်ဦးက “ဖားကန့် နဲ့ ဆိုင်းတောင် – ယူမာကို တိုက်ရိုက် ဆက်သွယ်ထားတဲ့ မိန်းလမ်းမကြီးကို ပိတ်ထားတာက စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆိုင်းတောင်ဘက်ကို ဦးတည်လာနိုင်လို့ ပိတ်ထားတာပေါ့လေ။ ပြည်သူတွေအတွက် လုံခြုံရေးအရ ထိခိုက်နိုင်တဲ့အတွက် ပိတ်ထားတယ်လို့နားလည်ရပါတယ်။ ကျနော်တို့က အဲ့လိုယူဆပါတယ်။ စစ်ရေးအရကော ဒီလမ်းမကြီးက တကယ်မလွယ်တဲ့အခြေအနေပါ။ ထိန်းရခက်တဲ့ အနေအထားဖြစ်မယ်။ ဒါကြောင့် ပိတ်ထားတယ်”လို့ပြောပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်တွေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်ကျေးရွာအုပ်စုထဲကို ထိုးဖောက်နိုင်ဖို့ မရှီကထောင်အနောက်ဘက် ယူမာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် KIA နဲ့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းကနေ ဖားကန့် ၊ ဆိုင်းတောင် ဘက်ကို သွားနိုင်ဖို့ ပြည်သူတွေကို ဥရုချောင်းဖြတ်ကူးပြီး သွားလာခွင့်ပေးနေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
ဒါပေမယ့် လက်ရှိမှာ ရီးသွားပြည်သူတွေ သွားလာရေးအခက်ကြုံတွေ့နေရတဲ့အတွက် ပြေလည်သွားအောင် နည်းလမ်းတစ်စုံတစ်ရာဖြင့် ကူညီဆောင်ရွက်ပေးဖို့ ဖားကန့် ပြည်သူတွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




