ရွှေတူးဖော်မှုကိစ္စ KIA–SSPP အငြင်းပွားမှု ပြေလည်
ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာ ရွှေတူးဖော်မှုကိစ္စနဲ့ ပတ်သက်ပြီး SSPP/SSA နဲ့ KIA ကြားအငြင်းပွားမှု ပြေလည်စွာ ဖြေရှင်းပြီးစီးသွားပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့ နမ့်အွမ်ကျေးရွာ၊ နမ့်မွေချောင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIA အမှုထမ်းတွေနဲ့ ရှမ်း SSPP/SSA တပ်ဖွဲ့တို့ဟာ ရွှေတူးဖော်မှုကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ခဲ့ပေမယ့် ပြန်လည်ဖြေရှင်းပြီးစီးသွားပြီဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“SSPP တွေက ရွှေလာတူးတယ်၊ ဆိုတော့ KIA ဘက်ကိုလည်း ဘာမှအသိပေးခြင်းမရှိတော့ အဲမှာရွှေတူးနေတဲ့ သူတို့ လူ ၃ ဦးကို KIA ကခေါ်သွားတော့ အဲသတင်းကြားတာနဲ့ SSPP တွေက လိုက်ပြီး လမ်းထက်ဝက်နေ ပိတ်ဆို့ပြီး စကားများ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြတာဟုတ်တယ်။ ပြဿနာကို မနေ့က KIO တိုက်နယ်ရုံးမှာပဲ အားလုံးပြောဆို ပြေလည်ပြီးကြပါပြီ။” လို့ နမ့်အွမ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ဒီလဆန်းပိုင်းမှာပဲ နမ့်အွမ်ကျေးရွာ အနောက်ဘက်ရှိ နမ့်မွေချောင်းမှာ အကြောင်းကြား၊ အသိပေးခြင်းမရှိပဲ SSPP/SSA လက်နက်ကိုင်တပ်ဖွဲ့တွေ ရွှေတူးဖော်ဝင်ရောက်နေတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဇွန်လ ၉ ရက်နေ့မှာတော့ KIA အမှုထမ်းတွေက နမ့်မွေချောင်းမှာ ရွှေတူးဖော်နေတဲ့ SSPP/SSA တပ်ဖွဲ့ဘက်မှ လူ ၃ ဦးကို ရွှေတူးဖော်မှုကိစ္စပြောဆိုဖို့ ဖမ်းခေါ်လာခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် တစ်ပြိုင်နက်ထဲ SSPP/SSA တပ်ဖွဲ့ဘက်မှ ကား ၃ စီးခန့် လူအင်အားနဲ့ ချက်ချင်းလိုက်လာပြီး KIA တပ်ဖွဲ့တွေကို လမ်းတစ်ဝက်မှာ ပိတ်ဆို့ကာ ပြဿနာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ SSPP/SSA တပ်ဖွဲ့ဝင်တို့ကြား ဖြစ်ပွားခဲ့တဲ့ အဲဒီပြဿနာကို မနေ့ကပဲ တိုက်နယ်ရုံးမှာ အချင်းချင်းပြောဆိုခဲ့ပြီးနောက် ပြေလည်မှုရရှိခဲ့ကြပြီး KIA ခေါ်ဆောင်လာတဲ့ SSPP ဘက်က လူ ၃ ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။
“သူတို့လူကိုလည်း လွှတ်ပေးလိုက်ပြီ။ နမ့်မွေချောင်းမှာ ရွှေတူးဖော်တာနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဆွေးနွေးကြပြီဆိုတာတော့ အသေးစိတ်မသိဘူး။ ကျမတို့ ဒေသခံတွေက တော်တော်နေရခက်တာပဲ၊ အခုက အဲဒီရှမ်း SSPP/SSA ရှိနေရင်လည်း သူ့ဟာနဲ့သူတော့ ရှိနေတယ်။ ဒီမှာက အခု MNDAA ပဲ ပြည်သူကိုဂရုမစိုက် ကြိုက်သလို လုပ်ဆောင်တာရှိတယ်။ ရွာထဲမှာလည်း အလောင်းကစားဝိုင်းတွေ ဆက်တိုက်ဖွင့်လာလို့ စိတ်ညစ်နေကြတယ်။” လို့ နမ့်အွမ်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်သလို တစ်ဖက်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ကလည်း ရွာအတွင်း အထိုင်ချ လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နမ့်အွမ်ကျေးရွာမှာ ယခင်မရှိခဲ့ဖူးတဲ့လောင်းကစားဝိုင်းတွေရှိလာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ လမ်းမကြီးဘေးမှာတင် လောင်းကစားဝိုင်း ၃ ခုခန့် ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါကြောင့် ဒေသခံရပ်မိရပ်ဖတွေကြား အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း နမ့်အွမ်ကျေးရွာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ထိန်းသိမ်းနယ်မြေမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ မြေကွက်တွေရိုက် အိမ်အလုံး ၁၀ ခုကျော်ဆောက်လုပ်ကာ တပ်ချနေထိုင်နေတာကြောင့် ဒေသခံတွေနဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ လက်ရှိထိ အဲဒီမြေယာကနေ ကိုးကန့်တွေကို ထွက်ခွာပေးဖို့ ရွာခံတွေ ဆက်တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
ရှမ်းမြောက်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေ၊ အငြင်းပွားမှု၊ ပွတ်တိုက်မှုတွေ မကြာခဏဖြစ်ပွားလျက်ရှိနေတဲ့တွက် ရွာခံပြည်သူတွေဟာ လက်နက်ကိုင်တပ်တွေကြား နေရခက်တယ်လို့ ပြောဆိုနေကြပါတယ်။
တစ်ဖက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အာဏာနဲ့ ဒေသတွင်း ချောင်းရေတွေမှာ ရွှေတူးဖော်မှုတွေ မိုပိုများပြား ပျံ့နှံ့လာတာကြောင့် လယ်ယာမြေစိုက်ပျိုးရေးတွေမှာ ထိခိုက်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




