သတင်း

မြန်မာ-တရုတ် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုံ စီမံကိန်း ‘ရပ်ဆိုင်း’ ထား ဟု ကချင်ပြည်နယ်အစိုးရ ဆို

ကချင်ပြည်သူများ ကန့်ကွက်နေသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရ ပူးပေါင်းစီမံကိန်း မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုံ (Myitkyina Economic Development Zone)ကို လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း ကချင်ပြည်နယ်အစိုးရ ဆိုပါသည်။

မတ်လ (၁၆)ရက်နေ့ ပြည်နယ်အစိုးရ ငွေစာရင်းကော်မတီ၊ စီမံဘဏ္ဍ၊ ကချင်ပြည်နယ်လူထုလယ်ယာမြေနှင့် စီမံကိန်းစောင့်ကြည့်လေ့လာရေး ကော်မတီ တို့ တွေ့ဆုံဆွေးနွေးခဲ့ချိန် ပြည်နယ်အစိုးရဘက်မှ ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် လူထုလယ်ယာမြေနှင့် စီမံကိန်းစောင့်ကြည့်လေ့လာရေး ကော်မတီမှ ဆရာ N’jai Naw Ja (အင်ဂျိုင်းနော်ဂျာ)က ယခုလို ပြောသည်။

“Nam Jim (နန်ကျင်)ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီနေ့ပြောသွားတာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် လက်ရှိ Nam Jim (နန်ကျင်)စီးပွားရေးစီမံကိန်းကို (MOU)နားလည်မူစာချွန်လွှာ ထိုးထားပေမယ့်လည်း လက်ရှိချိန်မှာတော့ ရပ်တန့်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်ဆက်စပ်စဉ်းစားကြည့်တော့ ကျနော်တို့ဘက်က ပြန်မေးတာရှိတယ်။ ဒီ ကန်ပိုက်တီ ကုန်သွယ်ရေးဇုန်ရယ်၊ Nam Jim (နန်ကျင်)စီးပွားဖွံ့ဖြိုးရေးဇုန်ဆိုတာ ခုဒီ ဝိုင်းမော်ဘက်မှာ မြို့ရှောင်လမ်းလုပ်နေတယ်။ အဲဒါတွေအားလုံးက ပတ်လည်ရိုက်ပြီး ဆက်စပ်နေတာ။ အဲကြောင့် ကျနော်တောင်မှ ထပ်မေးသေးတယ်။ အတည်မပြုမှာစိုးလို့ ထပ်မေးသေးတယ်။ အဲဒါက ဖျက်သိမ်းတာလား ရပ်တန့်တာလားလို့ မေးတော့ ရပ်တန့် ထားတယ်ဖြစ်တယ်ဆိုပြီး ပြောခဲ့တယ်”ဟု သူက ပြောသည်။

မည်သည့်အချိန်၊ မည်သည့်အကြောင်းအရင်းကြောင့် စီမံကိန်းအား ရပ်တန့်ထားခြင်းကိုမူ အဆိုပါ အစည်းအဝေးတွင် ရှင်းလင်းခြင်း မရှိကြောင်း ဆိုပါသည်။

မြစ်ကြီးနားမြို့အနီး Nam Jim (နန်ကျင်)ဧရိယာတွင်တည်ဆောက်မည့် စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း ကို ဒေသခံများ၏ ဆန္ဒ ရယူခြင်းမရှိဘဲ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် တရုတ်ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ နားလည်မှုစာချွှန်လွှာ MOU ကို လက်မှတ် ရေးထိုးခဲ့သည်။

ယင်းကဲ့သို့ နားလည်မှု စာချွန်လွှာ ရေးထိုးလိုက်သော်လည်း ကချင်ပြည်နယ်လွှတ်တော်သို့ တစ်စုံတစ်ရာ တင်ပြခြင်းမရှိသေးကြောင်း Sawlaw (ဆော့လော်)မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည်နယ် ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ် Hkaw Mar Wu (ခေါ်မားဝူ)က ကချင်သတင်းဌာန KNG သို့ ယခုလိုပြောသည်။

“ဒါကတော့ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ ကချင်ပြည်နယ်အစိုးရက ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဌာနအနေနဲ့လည်း လွှတ်တော်မှာ ရှင်းလင်းတင်ပြတာ မရှိသေးဘူး။ ခုမှ သူတို့က (MOU) ထိုးပြီးတော့ ဒီလုပ်ငန်းကိုဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနေတယ်။ ကွင်းဆင်းနေတယ်ဆိုတဲ့ အပိုင်းလောက်ဘဲ သိရပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျမတို့ကော်မတီအနေနဲ့ ရပ်တန့်ထားတယ်ဆိုတာထက်ကို ရှေ့ဆက်အားလုံးပြည်သူကော အစိုးရကော အားလုံးအဆင်ပြေပြေနဲ့ဆောင်ရွက်နိုင်ဖို့ ပြဿနာတွေကို တဖြည်းဖြည်းလျော့ချနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲ ထင်ပါတယ်”ဟု သူမ ပြောသည်။

နားလည်မူစာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင်စတင်ရေးထိုးခဲ့ကြပြီး အဆိုပါစာချွန်လွှာ၏ သက်တမ်းသည် ၁နှစ်ဖြစ်သည်။ သို့သော် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးစဉ်သတ်မှတ်ထားသည့် ကာလအတွင်း ပြီးပြတ်မှု မရှိပါက နောက်ထပ် (၆)လ သက်တမ်းတိုးခွင့်ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသည့် စီးပွားရေးဇုန်များဖြစ်သော သီလဝါစီးပွားရေးဇုန်သည် ဟက်တာ ၄၀၀၊ ကိုးရီးယားမြန်မာ စီးပွားရေးဇုန်သည် ဟက်တာ ၂၀၀ ကျော်ခန့်ရှိကာ ကချင်ပြည်နယ် မြစ်ကြီးနားတွင်ရှိသည့် နန်ကျင်းစီးပွားဖွံ့ဖြိုးရေးဇုန်သည် အကြီးဆုံးအဖြစ် ဟက်တာ ၂၀၀၀ ရှိကြောင်း သိရသည်။

သို့သော် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် Nam Jim (နန်ကျင်)စီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြထားခြင်း မရှိသေးကြောင်း ကချင်ပြည်နယ်လူထုလယ်ယာမြေနှင့် စီမံကိန်းစောင့်ကြည့် လေ့လာရေး ကော်မတီမှ ဆရာ N’jai Naw Ja (အင်ဂျိုင်းနော်ဂျာ)က ပြောသည်။

“ခုဖြစ်နေတာ အဲဒါဘဲလေ ပွင့်လင်းမြင်သာမူမရှိဘူး။ ကျနော်တို့သွားဆွေးနွေးခဲ့တော့ လွှတ်တော်မှာ ဖြတ်သန်းတာမရှိဘူး ချပြတာ လည်းမရှိဘူး။ ဒေသခံတောင်သူတွေဖြစ်တဲ့ Nam Jim (နန်ကျင်)တောင်သူတွေနဲ့ တွေ့ဆုံတဲ့ချိန်မှာလည်း ဒေသခံတွေကို အသိပေးခြင်းလည်း မရှိဘူး။ ပွင့်လင်းမြင်သာမူဆိုတာ ဘာမှကိုမရှိဘူး။ Nam Jim (နန်ကျင်)တောင်သူတွေက (MOU) ထိုးပြီးတဲ့ချိန်မှ မြေတွေဘာတွေလာတိုင်းကျ ကြိုးတွေဆွဲနေကြတဲ့ချိန်မှ ဘယ်လိုဖြစ်တာလဲ ကျနော်တို့ဘာမှ မသိရဘဲ အကောင်ထည်ဖော်မလဲ သူတို့ကတော့ အကောင်အထည်ဖော်မယ်ထင်တာပေါ့နော်။ ဒါပေမယ့် ဒီနေ့ လွှတ်တော်မှာ ကြားခဲ့ရသလောက်က ဘာလဲဆိုရင် (MOU) ထိုးပြီးပြီဆိုရင် လုပ်တော့မယ်ဆိုပြီး ချပေးတာတော့ မဟုတ်ဘူး။ နှစ် ၅၀ စီမံကိန်းအနေနဲ့ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ စီမံကိန်းတစ်ခုလုံးကို ဆွဲနေတယ်ဆိုပြီးပြောတာတော့ရှိတယ်” ဟု ပြောသည်။

Nam Jim (နန်ကျင်)စီးပွားဖွံ့ဖြိုးရေးဇုန်အတွင်း မြေသိမ်းဆည်းခံအုပ်စု ၃ စုရှိသည်။ ၎င်းတို့မှာ နဝတ အစိုးရလက်ထက် မြေသိမ်းယူထားသည့် လုပ်ငန်းရှင် ၆ဦး၊ တောင်သူ (၉၇) ဦး၏ ပရတိုင်းရင်းဆေး စိုက်ခင်း ဧက (၆၅၀) နှင့် Nam Jim (နန်ကျင်) မူလရွာသားမျာ (၂၁)ဦး၏ မြေဧက(၁၈) တို့ဖြစ်သည်။

လက်ရှိ Nam Jim (နန်ကျင်)စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းသည် ဧရိယာ ၄၇၀၀ ရှိပြီး၊ စီမံကိန်း၏သက်တမ်းမှာ နှစ်(၅၀)ဖြစ်ကြောင်း နားလည်မူစာချွန်လွှာအရသိရသည်။

ကချင်ပြည်နယ် လူထုမြေယာမြေနှင့်စီမံကိန်းစောင့်ကြည့်ရေး ကော်မတီအား လွန်ခဲ့သည့် ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့ကို နိုင်ငံရေးပါတီအဖွဲ့စည်းများ၊ အရပ်ဘက်အဖွဲ့စည်းများ၊ ဥပဒေအကြံပေးများ၊ တောင်သူများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

Show More

Related Articles

Back to top button