Covid-19 Reportingသတင်း

ထိုင်း နယ်စပ်ဂိတ်များ ပိတ်လာချိန် တရုတ်နယ်စပ်ဂိတ်များ ဖွင့်နေဆဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာစိုးရိမ်ရသောကြောင့် ပြီးခဲ့သည့်အပတ်မှ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်လာချိန်မှာ ကချင်ပြည်နယ် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဖွင့်နေဆဲဖြစ်သည်။

ကချင်ပြည်နယ်၏အကြီးဆုံး Kambaiti တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်မည်ဟု သတင်းများ ထွက်ပေါ်စဉ် ဝန်ကြီးမှ ယခုလို ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

“ခုလက်ရှိအနေထားအရ Positive ၂ ယောက်တွေ့တယ်ဆိုတာလည်း Kambaiti တို့ Loije တို့ကနေ ဝင်လာတဲ့လူတွေမဟုတ်ဘူး။ US က ပြန်လာတဲ့သူ UK က ပြန်လာတဲ့သူတွေဖြစ်တာ။ အဲတော့ တရုတ်ပြည်ကတောင်စိုးရိမ်လို့ ကျနော်တို့မြန်မာပြည်ကတောင် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့နိုင်ငံဖြစ်တဲ့အတွက် US ကပြန်လာတဲ့သူ UK ကပြန်လာတဲ့သူက သူတို့နိုင်ငံ(တရုတ်)ထဲကိုပြန်ဝင်လာမှာစိုးရိမ်တဲ့အတွက် မနေ့ကစ ကြေးနန်းတစ်ခု တက်လာတယ်။ Tengchong (တရုတ်)ဘက်ကို ဝင်မယ့်မြန်မာနိုင်ငံသားဖြစ်ဖြစ် တရုတ်နိုင်ငံသားဖြစ်ဖြစ် ၁၄ရက်စောင့်ကြည့်ဖို့ရယ် နောက်တစ်ခုက ကားအဝင်အထွက်ကိုပိတ်လိုက်တာဖြစ်တယ်” ဟု ကချင်ပြည်နယ်အစိုးရ လူဝင်မူကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

ကချင်ပြည်နယ်မှ အကြီးဆုံး အတိုက်အခံပါတီ ကချင်ပြည်နယ်ပြည်သူ့ပါတီ Kachin State People’s Party က Kambaiti နယ်စပ်ဂိတ်ကို လုံး၀ ပိတ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့အား မတ်လ ၁၉ နေ့ စာဖြင့် အလေးအနက်ထား တင်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ Kambaiti နှင့် Loije နယ်စပ်ဂိတ်များကို ပြည်ထောင်စုအစိုးရ ညွန်ကြားချက် မရသဖြင့် မပိတ်သေးကြောင်း ဝန်ကြီးက ဆိုပါသည်။

သို့သော်လည်း မြန်မာနိုင်တွင် ရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ ၂ဦးရှိနေပြီဟု ပြည်ထောင်စုကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ မတ်လ ၂၃ရက်နေ့ညတွင် ထုတ်ပြန်လိုက်ပြီးနောက်၊ တရုတ်အစိုးရမှ ၎င်းတို့ထံဝင်လာမည့်သူများကို ၁၄ ရက်စောင့်ကြည့်ခံရန် နှင့် ကားများကို ပိတ်ရန် ညွန်ကြားထားကြောင်း သိရသည်။

လက်ရှိ ပိုးတွေ့ရှိသူ ၂ ဦးမှာ နိုင်ငံခြားမှ ပြန်လာသူများဖြစ်သောကြောင့် ကချင်ပြည်နယ်တွင်လည်း လူသစ်ရောက်လာသူများကို စောင့်ကြည့်ရန် ရပ်ကျေးစောင့်ကြည့်ရေး ကော်မတီဖြစ်မြောက်ရေး စီစဉ်နေကြောင်း ပြောသည်။

“ကိုရိုနားဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ ရပ်ကျေးအဆင့်ထိ စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့မယ်။ ခရိုင်တွေ၊ မြို့နယ်တွေမှာ အရင်တုန်းက ရိုးရိုးကော်မတီဖွဲ့ထားသော်လည်း ခုစောင့်ကြပ်ရေးကော်မတီ ထပ်ဖွဲ့မှ ဖြစ်တယ်။ အဲတော့မှ ရပ်ကျေးကနေ တရုတ်ကနေ ဘယ်နှစ်ယောက်ပြန်လာတယ်။ US ကတော့ ဘယ်နှစ်ယောက်လာတယ်ဆိုပြီး မြို့နယ်ကို သတင်းပို့ရမယ်။ အဲလိုသတင်းရပြီဆိုတာနဲ့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီးတော့ စောင့်ကြည့်တဲ့အနေထား လုပ်မယ်” ဟု ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

ရပ်ကျေးစောင့်ကြည့်ရေးအဖွဲ့သော်လည်းကောင်း၊ နိုင်ငံတစ်ကာမှ ပြန်လာသည့်သူများအနေဖြင့် သတင်းပို့ရန် ပျက်ကွက်ပါက သက်ဆိုင်ရာဌာနမှ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ပိုင်တီ နယ်စပ်ဂိတ်မှ တရုတ်တစ်သျှူးငှက်ပျောကားများအား ဝင်ထွက်ခွင့်ပိတ်ပေးရန် ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး လည်း နိုင်ငံတော်သမ္မတရုံးသို့ မတ် ၁၃ ရက်နေ့ တောင်းဆိုထားကြောင်းသိရသည်။

“လောလောဆယ်တော့ သမ္မတရုံးကတော့ ဒီနေ့မှာအစည်းဝေးလုပ်နေတယ်။ ဒါပေမယ့် ဒီနေ့ကစပြီးစပိတ်ကြတော့လို့ မြို့အုပ်ချုပ်ရေးမှူးနဲ့အဲမှာစောင့်ကြည့်နေတဲ့ ဆရာဝန်တွေကို ပြောလိုက်ပြီ။ ဘယ်လိုဘဲပြောပြော ပိတ်ဖို့တွက် စာမဝင်သေးပေမယ့်လောလောဆယ် ပိတ်ထားလိုက်တော့လို့ပြောလိုက်တယ်။ စောင့်ကြည့်ရေး ၁၄ရက်လုပ်မယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် စောင့်ကြည့်ရေးလုပ်ဖို့တွက် လူအင်အားရှိပေမယ့်လို့ နေဖို့တွက် ခက်ခဲဖြစ်တယ်။ အဲဒါကြောင့်မို့ ပိတ်ထားတော့လို့ ပြောလိုက်ပြီ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး Ze Hkawng ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖြင့် ထိစပ်နေသော ကချင်ပြည်နယ် နယ်စပ်ဂိတ်များမှ နေ့စဉ် လူဝင်လူထွက်နှင့် တစ်သျှူးငှက်ပျောတင်ကားများ ပုံမှန် ဖြတ်သန်းနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button