ကချင် ကျောက်စိမ်းမှော်မြေစာပုံနေ ရွှေ့ပြောင်းမိသားစုမှ မြေယာပိုင်ဆိုင်ရေး ဆန္ဒပြ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် မြေဇာပုံမှာ နေထိုင်သည့် ပြည်တွင်းရွှေ့ပြောင်း မိသားစု တစ်စုက ၎င်းနေရာကို တရားဝင် ပိုင်ဆိုင်လိုကြောင်း ဆန္ဒပြတောင်းဆိုမှု ပြုလုပ်နေပါသည်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မြေစာရင်းဌာနတို့၏ ပယ်ချမှုကို လက်မခံဘဲ ဦးထွန်းထွန်း မိသားစုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မတ်လ ၂၃ ရက်နေ့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်းဖြစ်သည်။
“မြေပြင်မှာ မရှိတဲ့ ဦးပိုင်အမှတ်တွေကို မြေစာရင်းဌာနက ၁၀၅၊ ၁၀၆ထုတ်ပေးတယ်။ ကျနော်တို့နေရာကို သူတို့ဟာဆိုပြီး ၁၀၅၊ ၁၀၆ ထုတ်တယ်။ အဲဒါကိုမြေစာရင်းဌာနက ရေးဆွဲပေးတယ်။ မြေကြီးမှာ မရှိတာကို ဖားကန့်တရားစီရင်ရေးက ၂၀၁၆မှာ စတင်လက်ခံစစ်ဆေးတယ်။ ၂၀၁၇မှာ အမိန့်ချတယ်။ အမိန့်မချခင် နောက်ဆုံး လျှောက်လှဲချက်မှာ တရားလိုတင်ထားတဲ့ ၁၀၅၊ ၁၀၆က မြေပြင်မှာမရှိပါဘူး လာပြီးတော့ ကွင်းဆင်းပေးပါဆိုပြီး တောင်းဆိုတယ် တင်ပြတယ်။ ဒါပေမယ့် တရားရုံးက လာရောက်ကွင်းဆင်းတာ မရှိဘူး။ မြေကြီးမှာမရှိပါဘူးလို့ ပြောနေတဲ့ဟာကို တရားလိုဘက်ကို အနိုင်ပေးလိုက်တယ်”ဟု ဆန္ဒထုတ်ဖော်သူ ဦးထွန်းထွန်း ဆိုသည်။
မြန်မာအစိုးရ မြေစာရင်းဦးစီးဌာနကထုတ်ပြန်ထားသည့် မြေစာရင်း ပုံစံ ၁၀၅ ဆိုသည်မှာ မြေပုံစာရွက်ဖြစ်ပြီး ပုံစံ ၁၀၆ ဆိုသည်မှာ မြေရာဇဝင်အတိုချုပ် ဖြစ်ပါသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ် တရားရုံးတွင် အမှုရှုံးသည့်အတွက် ခရိုင်တရားရုံး နှင့် ပြည်နယ် တရားလွှတ်တော်အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း ထပ်မံရှုံးနိမ့်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
“ အဲတော့ ကျနော်တို့က ဘာလုပ်ရမှာလဲ နောက်ဆုံးတော့ ပြည်ထောင်စုတရားလွှတ်တော်ကို တင်ဖို့ဘဲရှိတယ်။ ကျနော် အချိန်အများကြီးကုန်ခဲ့ပြီ စီးပွားပျက်တယ်။ ဒါကြောင့် ကျနော်တို့က မသွားနိုင်တော့ဘူး။ ဒီအမှန်တရားကို သက်ဆိုင်ရာပြည်ထောင်စုကနေ ကွင်းဆင်းပေးဖို့ အရေးယူပေးဖို့တောင်းဆိုတာဖြစ်တယ်”ဟု ပြောသည်။
စွန့်ပစ်မြေဇာပုံတွင် အိမ်ခြေ ၂၀၀ ခန့်ရှိကာ နေထိုင်သူများအားလုံးသည် တစ်စုံတစ်ရာပိုင်ဆိုင်မှု လုပ်ထားသည်များ မရှိသော်လည်း ယခင်ကချင်ပြည်နယ် ဝန်ကြီးချုပ် Lajawn Ngan Seng လက်ထက်တွင် နေထိုင်ရန် တရားဝင်ခွင့်ပြုချက်နှင့် နေထိုင်သူများသာ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ ခုဖြစ်တာ ကျနော်တစ်ဦးတည်းပြဿနာဖြစ်တယ်။ ဒါပေမယ့် ကျနော်တစ်ဦးတည်းလို့ သတ်မှတ်လို့မရပါဘူး။ တရားစီရင်ရေးကိစ္စကို ကျနော်တစ်ဦးတည်းရဲ့ပြဿနာနဲ့ မီးမောင်းထိုးပြတာပါ။ ကျနော်တို့မှားရင် ကျနော်တို့ကို တရားစွဲလို့ရပါတယ်။ ဒီကိစ္စက မြေကြီးမှာ မရှိတဲ့ ၁၀၅၊ ၁၀၆ဖြစ်ပါတယ်။ အဲကြောင့် ကျနော်တို့က သက်ဆိုင်ရာကနေ အရေးမယူပေးမခြင်း ဆန္ဒပြသွားမယ်”ဟု ဆက်လက်ပြောဆိုသည်။
အဆိုပါအိမ်ယာမြေတွင် ဆန္ဒထုတ်ဖော်သည့် ဦးထွန်းထွန်းမိသားစုမှ နေထိုင်လျှက်ရှိသော်လည်း တရားနိုင်မြေနေရာဖြစ်သည့်အတွက် အချိန်မရွေး ဖယ်ရှားပေးရမည့် အခြေနေဖြစ်နေကြောင်း ၎င်းဆက်ပြောသည်။
ဆန္ဒထုတ်ဖော်သူမိသားစုသည် ဖားကန့်မြို့၊ လုံးခင်း ငြိမ်းချမ်းသာယာ ရပ်ကွက် စွန့်ပစ်မြေဇာပုံတွင် နေထိုင်ကြသည့် ဦးထွန်းထွန်း မိသားစုဖြစ်ကာ လာရောက်ပူပေါင်းပါဝင်သူ ၆ဦးရှိပြီး ယင်းဆန္ဒထုတ်ဖော်ခြင်းအား ၃ ရက်တိတိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုပါသည်။