Covid-19 Reportingသတင်း

Covid-19 ကာကွယ်တားဆီးရေး မြို့နယ်ကော်မတီများတွင် ပါဝင်ခွင့်ပြုရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများ သမ္မတထံ စာပို့

Covid-19 ကပ်ရောဂါကာကွယ်တားဆီးရာတွင် ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ဖွဲ့စည်းထားသော ကော်မတီများတွင် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များကို ထည့်သွင်းရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများ ယနေ့ တောင်းဆိုလိုက်သည်။

အစိုးရ သီးသန့် လုပ်ဆောင်ခြင်းထက် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်ခြင်းက သတင်းရရှိမှု ပိုမိုလျှင်မြန်မည်ဟု ယနေ့ မြစ်ကြီးနား UCF တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အစိုးရလုပ်မယ်ဆိုတာယုံတယ်။ အစိုးရဆိုတာ ကျေးရွာအတွင်းထိဖြစ်ပျက်တွေကို ရဖို့ ခက်လိမ့်မယ်။ လက်တွေ့ဖြစ်တာကိုတော့ CSO တွေ ရဖို့အခွင့်ရှိနေတယ်။ ဒါကြောင့် ဘယ်ရွာမှာ ဘာဖြစ်တယ်ဆိုတာ ကျနော်တို့ CSOမှာ သိနေတဲ့အတွက် အစိုးရအနေနဲ့ ကျနော်တို့နဲ့ပေါင်းပြီး၊ ဘယ်ဖက်မှာ ဦးစားပေးရမယ်ဆိုတဲ့ မဟာဗျူဟာတွေကို ချနိုင်ပါလိမ့်မယ်။” ဟု Kachin State Conservation Working Group မှ ဦးဘရန်အောင် ပြောသည်။

သို့သော်လည်း ကချင်ပြည်နယ်အစိုးရဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအတွက် ‘ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ’ ကို ဖွဲ့စည်းကြောင်း မတ်လ ၂၅ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုသောအချက်များတွင် ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တားဆီး ထိန်းချုပ်မှုဆိုင်ရာ ပြင်ဆင်ခြင်းအစီစဉ်များကို ပွင့်လင်းစွာချပြရန် နှင့် သီးခြားရန်ပုံငွေသတ်မှတ်ချထားပေးရန် လုပ်ငန်းစဉ်များတွင် ဆုံးဖြတ်ခွင့်ပေးရန် တို့ပါဝင်သည်။

ထို့အပြင် ကချင် ကန်ပိုင်တီ တရုတ်နယ်စပ်ဂိတ်မှ ညအချိန် ဝင်ထွက်သွားလာနေသည့် ငှက်ပျောတင်ကုန်ကားကြီးများကို ထိရောက်စွာ အရေးယူပေးရန် အချက်ကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဆိုသော်လည်း ကပ်ရောဂါမူလရင်းမြစ်နေရာဖြစ်သောကြောင့် လူထုစိတ်ချမ်းသာအောင် နယ်စပ်ဂိတ်ကို ပိတ်ထားသင့်ကြောင်း ဆိုသည်။

“မနေ့ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ ကားသံတွေက အိပ်လို့မရလို့ ထွက်လာတော့ ကားကလွတ်သွားတာတွေရှိတယ်။ နောက်ဆုံးတစ်စီးပဲ မီတယ်။ အဲဒါကို ညတွင်းချင်း စည်ပင်ဝန်ကြီးကို ဗီဒီယိုဖိုင်ပို့ထားတယ်။ သူ့ဆီမှာရှိတယ်။ စဉ်းစားစရာက အခုချိန်ထိ ပြည်သူတွေက စိုးရိမ်နေတယ်။ အစိုးရကျောင်းက ၂ ရက်ပဲလိုတယ်ဆိုတာတောင် ပိတ်လိုက်တယ်။ ကျောင်းသားနဲ့ နိုင်ငံတော်ရဲ့ အနာဂတ် ကြီးပွားတိုးတက်ချမ်းသာရေးကိုတောင် ၂ ရက်လိုတာ ဖျက်ချလိုက်တယ်။ ဒီငှက်ပျောကိစ္စကို ဘာလို့ မဆုံးဖြတ်နိုင်တာလဲ” ဟု သတင်းစာရှင်းလင်းပွဲတွင်ပါဝင်သော ဝိုင်းမော်မြို့နယ် ဝါးရှောင်ဆရာတော် အရှင် ဝိဇယ မိန့်ကြားခဲ့သည်။

သို့သော်လည်း နေပြည်တော် ပြည်ထောင်စုအစိုးရ၏ ညွန်ကြားချက်မရဘဲ ကချင် တရုတ်နယ်စပ်ဂိတ်များကို ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ပြည်နယ်လဝက ဝန်ကြီးထံမှ သိရသည်။

လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း ၃ ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့မှာ UK နှင့် US မှ ပြန်လာသူများဖြစ်ကြသည်။

ကချင်ပြည်နယ်တွင် စောင့်ကြည့်လူနာများရှိသော်လည်း ယခုချိန်ထိ အတည်ပြု ပိုးတွေ့ရှိသူ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

 

Show More

Related Articles

Back to top button