သတင်း

ပြည်ထောင်စုညွန်ကြားမှု မရသေးသရွှေ့ ကချင်ပြည်နယ်ရှိ ဈေးများဖွင့်ထားမည်

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားမှု မရရှိသေးသရွှေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိဈေးများ ပိတ်မည် မဟုတ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီထံမှ သိရသည်။

လတ်တလော ကချင်ပြည်နယ်တွင်းရှိဈေးများ ပိတ်မည်ဆိုသော လူမူကွန်ယက်စာမျက်နာတွင် ပျံ့နှံ့နေသည့် သတင်းသည် မှန်ကန်မူမရှိကြောင်း ၎င်းကဆိုသည်။

“ဈေးပိတ်မယ်ဆိုတာကတော့ ကောလဟာလ သတင်းဖြစ်တယ်။ လက်ရှိပြည်ထောင်စုရဲ့တစ်စုံတစ်ရာ ညွှန်ကြားချက်မရမချင်း ဖွင့်ထားအုံးမှာဖြစ်တယ်။ ဈေးပိတ်ရင် ပြည်သူတွေတွက် စားသောက်ဝယ်ဖို့ရာ ပိုခက်ခဲလာနိုင်တယ်။ ပြီးတော့ ဈေးကြီးတွေပိတ်လိုက်ရင် ဈေးတွေအားလုံးပိတ်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ခိုးဆိုးလုယက်တာတွေပါ ဖြစ်လာနိုင်မယ်။ နောက်ဆုံး အခြေနေအရမ်းဆိုးလာရင်တော့ လမ်းပိတ်ပြီး ဈေးကသူ့အလိုလိုပိတ်သွားလိမ့်မယ်။ လက်ရှိချိန်ထိတော့ ဈေးဖွင့်ထားအုံးမှာဖြစ်တယ်။ ပြည်သူတွေအတွက် စားသောက်ကုန်၊ ဆန်တွေမပြတ် ဝယ်ယူနိုင်အောင် ကျနော်တို့စီစဉ်ထားပါတယ်။” ဟု စည်ပင်ဝန်ကြီး ဦးနော်လီ ပြောသည်။

ကိုရိုနားဗိုင်းရပ်စ်ကြောင့် အစားအသောက်ပြတ်လတ်မည်ကို စိုးရိမ်ပြီး လိုအပ်သည် ပိုလျှံကာ ဝယ်ယူစုဆောင်းမှုများကြောင့် ကုန်ဈေးနူန်းမြင့်တက်လာနိုင်သဖြင့် မလိုလားအပ်သည့်ပြဿနာများ မဖြစ်အောင်ထိန်းသိမ်းရန် ဝန်ကြီး ဦးနော်လီ ပြောသည်။

“ပြည်သူလူထုက ဒီရောဂါဖြစ်လာတဲ့ချိန်မှာ စိုးရိမ်စိတ်တွေ လွန်ကဲပြီးတော့ လိုတာထက်ပိုပြီး အလုအယက်ဝယ်ခြင်းတွေကြောင့် မသမာ လောဘစိတ်ရှိတဲ့ ကုန်သည်တွေ၊ ဈေးသည်တွေက ကုန်ဈေးနူန်းမြင့်တင်လာပြီး ရောင်းချမှာကို စိုးရိမ်တယ်။ ဒါကြောင့် ကုန်ဈေးနူန်း မတက်ဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင်အသိတရားရှိရှိနဲ့ အစိုးရကညွှန်ကြားလာတဲ့နေရာမှာ ပူးပေါင်းပါဝင်ပေးဖို့ဖြစ်ပါတယ်။” ဟု ပြောသည်။

ပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ်ဆန်ကုန်သည်များအသင်းတို့ မတ်လ ၂၄ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည့်တွက် စိုးရိမ်စရာမလိုကြောင်း ၎င်းကဆက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်နေစဉ်အတွင်း မြန်မာနိုင်ငံအတွင်း ကုန်သည်များ၊ ဈေးသည်များအနေဖြင့် စားသောက်ကုန်များအား ဈေးတင်ရောင်းခြင်းရှိပါက ထိထိရောက်ရောက်အရေးယူမည်ဟု သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး တရားဝင်ပြောကြားထားပြီးဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးရှိ လူနာတွေ့ရှိကြောင်းနှင့် တရုတ်နိုင်ငံသားများ ရုတ်တရက် လဲကျမှုများ ဖြစ်ကြောင်း ကောလဟလ သတင်း ဖြန့်ပြီးနောက် စားသောက်ကုန် ဝယ်ယူမှုများ ပုံမှန်ထက် မြင့်တက်ခဲ့သည်။

 

Show More

Related Articles

Back to top button