သတင်း

နိုင်ငံခြားမှ ပြန်လာမည့်သူများကို ဆဒုံးမြို့တွင် ထားရှိရန် စီစဉ်နေမှုကို ဒေသခံများကန့်ကွက်

ဝိုင်းမော်မြို့နယ် တရုတ်-မြန်မာနယ်စပ်နှင့် နီးသောဆဒုံးမြို့တွင် နိုင်ငံခြားမှ ပြည်တော်ပြန်များကို Qurantine နေရာအဖြစ်သတ်မှတ်ရန်စီစဉ်နေမှုကို ဒေသခံများမှ သဘောမတူကြောင်း သက်ဆိုင်ရာသို့ စာတင်ထားသည်ဟု သိရသည်။

လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်တော်ပြန်များကို ဆဒုံးမြို့ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းတွင် Quarantine သတ်မှတ်နေရာအဖြစ် ထားရန် စီစဉ်မှုကို သဘောမတူကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG သို့ ပြောသည်။

“မနေ့က အုပ်ချုပ်ရေးဘက်က ဒေသခံတွေကို ခေါ်ပြီးတော့ အစည်းဝေးခေါ်လုပ်ကြတယ်။ သူတို့ဘက်ကတော့ ဒီကျောင်းမှာ ပြည်တော်ပြန်တွေကိုထားဖို့၊ ပြီးတော့ လိုအပ်တဲ့ကျန်းမာရေးနဲ့ ပတ်သက်တာအားလုံး တာဝန်ယူပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဆဒုံးဘက်မှာက သက်ဆိုင်ရာတွေဘက် ခုချိန်ထိ ဒီရောဂါနဲ့ပတ်သက်ပြီး ဂိတ်ပိတ်တာတွေလည်း မရှိသေးဘူး။ တာဝန်ယူမူအပိုင်း ၊ ကြိုတင်ပြင်ဆင်ထားတဲ့ပိုင်းလည်း ဘာမှမတွေ့ရဘူးတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်စရာတွေဖြစ်နေတယ်။ ပြီးတော့ ဒီမှာထားမယ်ဆိုရင်တောင် ဒီကအခြေနေနဲ့ ဝိုင်းမော်၊မြစ်ကြီးနားဘက်ကနဲ့ မတူနိုင်ဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ အဲကြောင့် ထားမယ်ဆိုရင်တောင် ပိုလုံခြုံတဲ့နေရာတွေမှာထားဖို့ပေါ့။ ဒေသခံတွေ အားလုံးနီးပါးကတော့ ကန့်ကွက်တဲ့သူတွေဘဲ အဲကြောင့် အားလုံးလက်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်စာကို တင်ထားပါတယ်။” ဟု အမည်မဖော်လိုသူ ဆဒုံးဒေသခံတစ်ဦး ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများကို Quarantine လုပ်ရမည်ဖြစ်သည့်အပြင် စည်ပင်ဈေးများအား အချိန်အကန့်သတ်ဖြင့်ရောင်းချခြင်း၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရန်စသည်တို့ကို လိုက်နာရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်အရ ညွှန်ကြားထားသော်လည်း ဆဒုံးမြို့တွင်မှု တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

“ခုချိန်ထိဘာမှ လုပ်တာမရှိသေးဘူး။ ညဆိုလည်းဈေးထဲမှာ ကြိုက်သလိုလျှောက်သွားနေကြတယ်။ လူဝင်လူထွက်ကလည်း များမှများ ဧည့်သည်တွေကလည်း ပိုတောင်များလာသလိုဘဲ။ ဒီမှာက ဘာမှမလုပ်တဲ့ချိန်ကျတော့ ဝိုင်းမော်၊ မြစ်ကြီးနားဘက်က သံသယလူနာတွေတောင်မှ ဒီဘက်မှာ လာခိုနေသလိုတွေ ကြားနေရတယ်။ ရောဂါစဖြစ်တဲ့ချိန်ခနတော့ ဂိတ်မှာ အပူချိန်တိုင်းတာတွေ လုပ်ကြတယ်။ ခုနောက်ပိုင်းဘာမှလုပ်တာမတွေ့ရတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့က သူတို့အခြေနေကိုသိတယ်။ လုပ်တယ်ဆိုပေမယ့် တစ်ကယ်တမ်း ထိထိရောက်ရောက်လုပ်နိုင်မှာ မဟုတ်ဘူး။ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျနောတို့မှာက ဖြစ်လာပြီဆိုလို့ရှိရင်လည်း မလွယ်ဘူး။ မြို့ထဲမှာ လူအဝင်အထွက်တွေလည်း ရမ်းများတယ်။ လုံခြုံရေးထိန်းချုပ်တဲ့ပိုင်းမှာလည်း ကောင်းကောင်းလုပ်နိုင်မယ်မထင်ဘူး။ ဒီကိုရိုနာနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်ထိ စိုးရိမ်နေလဲ ပြည်သူတွေကို ခုချိန်ထိ ဘာမှလုပ်ပေးတာတွေ ပြောဆိုတာတွေ ဘာမှကို မရှိဘူး။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ဆိုသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်သည့် ဒေသခံများ၏ သဘောထားကို သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု သိရသည်။

“ ပြည်သူ့အစိုးရပါ ပြည်သူသဘောမတူရင် မလုပ်ပါဘူး။ ပြည်သူတွေ ဘာကြောင့် သဘောမတူတာလဲဆိုတာကို မြေပြင်အခြေနေကို ကွင်းဆင်းပြီးတော့မှ သူတို့သည် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အသိပညာ မရလို့ မသိလို့ ကြောက်အားပိုနေပြီလား ဆိုတာကို ကျန်းမာရေးဌာနကနေ ကွင်းဆင်းပြီးတော့ လက်ခံနိုင်တဲ့နေထားရောက်မှ ဆက်လုပ်မှာဖြစ်ပါတယ်။ အကယ်များ လက်မခံနိုင်ဘူးဆိုရင်တော့ အခြားနည်းလမ်းစဉ်းစားပြီး လုပ်ပါ့မယ်။” ဟု ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

ထို့အပြင် ပြည်နယ်အစိုးရချမှတ်လိုက်သော ဒေန္တရအမိန့်ကြေငြာစာအတိုင်း ဆဒုံးမြို့တွင်လည်း သတ်မှတ်ထားသောကာလတွင်း ဈေးပိတ်၊ ဂိတ်ပိတ်ခြင်း၊ စားသောက်ဆိုင်များတွင် ပါဆယ်ထုတ်ပေးခြင်းနှင့်အတူ ကျန်းမာရေးစစ်ဆေးမှုများ ထိရောက်စွာ လုပ်ဆောင်ပေးရန် လိုလားနေကြသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ ၂၂ ဦးရှိခဲ့ပြီး ဆေးစစ်ဆေးချက်များအရ ရောဂါပိုးတွေ့ရှိခြင်းမျိုး မရှိသေးပေ။

 

Show More

Related Articles

Back to top button