သတင်း

ဖားကန့်မြို့ အဝင်အထွက်ကို စတင်စစ်ဆေးတော့မည်ဟု ပြည်နယ်အစိုးရပြော

ကချင်ပြည်နယ် ဖားကန့်မြို့သို့ လူသစ်များထပ်မံဝင်ရောက်မှု မရှိစေရန် ဧပြီလ ၁၁ရက်နေ့မှစကာ လူအဝင်အထွက် စိစစ်တော့မည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ရောဂါစိုးရိမ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ပြောသည်။

“ဒေသခံတွေစိုးရိမ်တာကတော့ တစ်ဖက်မှာပြန်လာတဲ့သူတွေ ထိုင်းကပြန်လာတဲ့သူရှိတယ်။ တရုတ်ကပြန်လာတဲ့သူတွေ ရှိတယ်။ အလုပ်မရှိအကိုင်မရှိတဲ့သူတွေက ဖားကန့်ဒေသမှာ ရေမဆေးအဖြစ်ဝင်လာနိုင်တယ်။ ထိန်းချုပ်ဖို့ ပိုခက်သွားမယ်ဆိုပြီး ဒေသခံတွေတင်ပြတဲ့တွက် ကျနော်တို့က ၁၁ရက်နေ့ပြီးတော့ စီစစ်ပေးသွားမှာဖြစ်ပါတယ်။ အဲလိုစီစစ်တဲ့နေရာမှာ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်တာ ဟုတ်မဟုတ်၊ ကျေုာက်မျက်ကုမ္မဏီမှာလုပ်ကိုင်နေတဲ့သူ၊ ခုနောက်ပိုင်းဆိုရင် သက်ဆိုင်ရာက ရပ်ကွက်ထောက်ခံစာပါမပါ၊ မပါဘူး မဟုတ်ဘူးဆိုရင်တော့ အဝင်မခံပါဘူး။  ပြန်လွှတ်မှာဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော် ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားဖြစ်သည့် ရေမဆေးသမားများနေရပ်ပြန်နိုင်ရေးတွက် ပုံမှန်အားဖြင့် ရထားနှစ်စီးပြေးဆွဲနေသော်လည်း ဧပြီလ ၁၀ရက်နေ့မှစကာ တစ်စီးသာ ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဆက်ပြောသည်။

သို့သော်လည်း မော်တော်ယာဉ်လိုင်းပုံမှန်ပြေးဆွဲခြင်းကိုမူ ရပ်နားထားပြီဟု သိရပါသည်။

“ မီးရထားပြေးဆွဲမူကလည်း ၉ရက်နေ့ထိဘဲ။ ဒါတောင်မှရွေ့ပြောင်းအလုပ်သမားရေမဆေးတွေပြန်နိုင်ဖို့ သင်္ကြန်ရုံးပိတ်ရက်တွင်း ကုမ္မဏီတစ်ချို့လည်းပိတ်ကြမှာဆိုတော့ တစ်နေ့ကို မီးရထား ၂စီး အသွားနှစ်စီး၊ အပြန် ၂စီး စီစဉ်ထားတာဖြစ်ပါတယ်။ အဲတော့ နက်ဖြန် ၁၀ရက်နေ့ကစပြီး ရထားတစ်စီးဘဲ ပြေးဆွဲတော့မှာဖြစ်ပါတယ်။ အဲတွက်လည်း ရေမဆေးက လာရာမရှိဘူး ထပ်တိုးစရာမရှိနိုင်တေ့ာဘူးလို့ သုံးသပ်တယ်။ ခုကမော်တော်ကားကြီးတွေလည်း ပိတ်ကုန်ပြီ သာရေး နာရေးအတွက် သွားနေတာရှိပါတယ်။ အဲတော့ ကျနော်တို့ကတော့ ဒေသခံတွေရဲ့စိုးရိမ်ချက်အရ တင်ပြလာတဲ့တွက် ၁၁ ရက်နေ့ကနေ စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။” ဟု ထပ်မံ ပြောဆိုသည်။

ယခုအစီစဉ်သည် ဖားကန့်မြို့သို့ဝင်လာမည့်သူများကိုသာ စစ်ဆေးမည်ဖြစ်ပြီး ဖားကန့်မြို့မှ ထွက်လာသူများအား စစ်ဆေးမည် မဟုတ်ဘဲကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော် ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧပြီလ ၈ရက်နေ့ထိ စာရင်းများအရ Home Quarantine ထားရှိသူ ဦးရေ ၁၄၆၀ ကျော်ရှိပြီး၊ Facility Quarantine ဦးရေ ၈၄၀ ရှိကာ စုစုပေါင်း ပြည်ပမှပြန်လည်ရောက်ရှိလာသည့် လူဦးရေ ၃၀၃၆ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

 

Show More

Related Articles

Back to top button