Covid-19 Reportingသတင်း

ကချင်ပြည်နယ်ရှိ Covid-19 ကာကွယ်ရေး volunteer အဖွဲ့များတွင် PPE ဝတ်စုံများလိုအပ်

မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန်များကို ကူညီပေးနေသော လုပ်အားပေး Volunteer အဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများ ထပ်မံ လိုအပ်နေသည်ဟု သိရသည်။

ဧပြီလ ၁၆ရက်နေ့မှစ၍ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်မှ ပြည်တော်ပြန်များကို ပြည်နယ်အစိုးရအစီစဉ်ဖြင့် မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းတွင် ယာယီထားရှိကာ ကျန်မြို့နယ်များကို သက်ဆိုင်ရာမှတဆင့် အသီးသီး လွှဲပြောင်းပေးနေသည်။

“အစိုးရနဲ့ တွဲဖက်လုပ်ကိုင်နေတယ် ဆိုရင်လည်း အခုထိ အစိုးရဘက်က အစားအသောက်ကအစ ပြင်ဆင်ပေးတာမရှိသေးဘူး။ ပြီးရင် အသုံးအဆောင် ပစ္စည်းတွေလည်းလိုအပ်နေတယ်။ ပိုပြီးခက်ခဲတာက ပိုးသတ်ဆေးဖျန်းတဲ့အချိန် ဝတ်ဖို့ PPE ဝတ်စုံဆိုရင် ၅စုံဘဲရှိတယ်။ အမှန်ဆိုရင်တော့ တစ်ခါသုံးပြီးရင် နောက်တစ်ခေါက်ပြန်သုံးလို့ မရတော့တာ ဖြစ်တယ်။ ဒါပေမယ့် မတတ်နိုင်လို့ လျော်ပြီး ပြန်သုံးရတယ်။ အသုံးဆောင်ပစ္စည်းတွေက အစိုးရအနေနဲ့ တတ်နိုင်သမျှလုံလုံ လောက်လောက် ပေးသင့်တယ်” ဟု Kachin State Covid-19 Prevention Network မှ မဆိုင်းနူးပန် ပြောသည်။

ထို့အပြင် အဆိုပါ ကုန်တင်ကုန်ချစခန်းတွင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ ထားရှိကာ ဆေးစစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း ထပ်မံ ပြောသည်။

လက်ရှိ ထိုနေရာတွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းထားသည့် Kachin State Covid-19 Prevention Network လုပ်အားပေးအဖွဲ့နှင့် ပြည်နယ် ကျန်းမာရေးအဖွဲ့ဖြင့် ပူးပေါင်းသည့် တက္ကသိုလ်ကျောင်းသားလူငယ်များအဖွဲ့ စသည့် လုပ်အားပေးအဖွဲ့ ၂ဖွဲ့မှ အဓိက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့အပြင် ရောဂါကာကွယ်ရေး ပိုမိုထိရောက်စေလိုသည့်အတွက် ပြည်တော်ပြန်များကို လွယ်ဂျယ်မှ ကားတစ်စီးခြင်းဖြင့် အချိန်ကြာ ပို့ဆောင်နေခြင်းမဟုတ်ဘဲ ကားလုံလောက်စွာဖြင့် ယဉ်တန်းတစ်ခုတည်းဖြစ်အောင် တစ်ချိန်တည်းပို့ဆောင်ပေးရန် လိုအပ်ကြောင်း Volunteer အဖြစ်ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် တက္ကသိုလ်ကျောင်းသားအဖွဲ့မှ ကိုမျိုးထက်နိုင်လင်း ယခုလိုတောင်းဆိုသည်။

“ကျနော်တို့ပြောချင်တာက လုပ်တဲ့အလုပ်ကို ထိရောက်မှုရှိစေချင်တယ်။ ပြည်တော်ပြန်တွေကို ပို့ပေးတဲ့ ကားတွေကို ယာဉ်တန်းတစ်ခုတည်းဖြင့် ပြန်လာစေချင်တယ်။ ပြီးရင် ဒီမှာရောက်လာတဲ့ ကားတွေကို ကြည့်လိုက်ရင် အကြာကြီး စောင့်နေမှ တစ်စီးချင်းစီဘဲ ဝင်လာတယ်။ ခရီးသည်တွေကလည်း ၃ပေအကွာမဟုတ်ဘဲ ပြွတ်သိပ်ပြီး စီးလာကြတယ်။ ခရီးကားတစ်စီးမှာ ဘယ်လောက်စီးရမယ်ဆိုတာကို ကန့်သတ်စေချင်တယ်။ ကားတွေကိုလည်း လုံလောက်မှုရှိအောင် လုပ်ပေးစေချင်တယ်။ နောက်ပြီး ယာဉ်းတန်းတစ်ခုတည်း မလာတဲ့အတွက် ကျနော်တို့ Volunteer တွေအတွက်လည်း အင်မတန်မှ ခက်ခဲပါတယ်” ဟု ပြောဆိုသည်။

ဧပြီလ ၂၁ နေ့အထိ လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်ရောက်သည့်ပြည်တော်ပြန်များ စုစုပေါင်း ၁၃၀၀ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

 

Related Articles

Back to top button