ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

နမ္မတီးမြို့ လမ်းခွ စစ်ရှောင်များ စားနပ်ရိက္ခာကျပ်တည်းမှု ကြုံတွေ့နေရ

ကချင်ပြည်နယ် နမ္မတီးမြို့တွင် ခိုလှုံနေကြသော ကဆုန်စစ်ရှောင်များသည် Covid-19 ကာလအတွင်း ၎င်းတို့ကို ထောက်ပံ့ပေးသည့် လူမှုကူညီရေးအဖွဲ့အစည်းများ မရှိသောကြောင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဖြင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

လမ်းခွကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနယ်မြေရှိ စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး စခန်းတာဝန်ခံ သိက္ခာတော်ရ ဆရာ Maran Yaw Htung က ယခု ပြောသည်။

“အခုအချိန်မှာတော့ အစားအသောက်အလွန်ခက်ခဲနေပါတယ်။ အဓိကတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် စစ်ရှောင်တွေက အပြင်ထွက် အလုပ်လုပ်ကိုင်လို့မရတဲ့ အခြေအနေပေါ့လေ။ အရင်တုန်းကတော့ အနီးအနားတွေမှာ ကိုယ်တတ်နိုင်သလောက် နေ့အပြင်ထွက် အလုပ်လုပ်ကြတာပေါ့လေ။ အဲ့က အလုပ်ထွက်လုပ်လို့လဲမရတော့ ပိုပြီး ခက်ခဲသွားတယ်လို့ ပြောရမှာပေါ့။ နောက် ထောက်ပံ့ပေးတဲ့ အဖွဲ့တွေဆိုရင်လည်း မလာတာ ကြာသွားပြီ။ အရင်က ပုံမှန်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ ကလည်း ဘာသတင်းမှ မကြားရတော့ဘူး။ ဘယ်လောက်ခက်ခဲလဲဆိုတော့ တစ်ချို့တွေဆိုရင် ဆားတောင် တို့စားဖို့မရှိတော့ဘူး လို့ပြောကြတယ်” ဟု ပြောသည်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်ကာလ ဖြစ်သည့်အတွက် စစ်ရှောင်စခန်းများတွင် အခြေခံစားသောက်ကုန်များကို လုံလုံလောက်လောက် ကူညီထောက်ပံ့ပေးစေလိုကြောင်း သူကဆက်လက်ပြောဆိုသည်။

နမ္မတီး လမ်းခွ စစ်ရှောင်များ အစားအသောက်ကြပ်တည်းလာမှုနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ထံ ဧပြီလ လဆန်းပိုင်းက စာတင်ပြတောင်းဆိုထားကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ သွားရောက်ကူညီဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျနော်တို့ကို လှူဒါန်းထားတဲ့ ငွေကြေးတွေကို လွှဲပြောင်းပေးတဲ့ နေရာမှာ ခက်ခဲမှုတွေ အနည်းငယ်ကြုံတွေ့နေရလို့ပါ။ အဲ့ကြောင့် အရင်တုန်းကလို အလျင်အမြန် သွားရောက်လှူဒါန်းဖို့ ခက်ခဲနေရတာပေါ့။ မကြာခင်သွားရောက်လှူဒါန်ဖို့ ကြိုးစားနေပါတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခါးလီ ကပြောသည်။

ကဆုန် စစ်ရှောင်စခန်းတွင် လက်ရှိ စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ရှိနေပြီး လူဦးရေအားဖြင့် ၅၀၀ကျော်ရှိနေကြောင်း စခန်းတာဝန်ခံများမှ သိရသည်။

“အခုခက်နေတဲ့ ပြဿနာက အပြင်ထွက်အလုပ်မလုပ်ရတော့တာပေါ့။ အရင်တုန်းကတော့ အပြင်ထွက် အလုပ်နည်းနည်းပါးပါး လုပ်လို့ရတော့ စားဝတ်နေရေးက အတတ်နိုင်ဆုံးတော့ ဖြေရှင်းလို့ရတယ်။ အခုဆိုရင် ဆား၊ ငရုပ်သီးတောင် လုံလုံလောက်လောက် စားရဖို့ခက်ခဲနေတယ်။ ဒီစခန်းမှာက KMSS အဖွဲ့အစည်းတစ်ခုတည်းဘဲ ထောက်ပံ့နေတာ။ အဲ့အဖွဲ့အစည်းကလည်း ၂လစာ ကိုလာထုတ်ပေးထားပါတယ်။ ဒါပေမယ့် တစ်ယောက်ကို ၁သောင်းခွဲလောက်ပဲ ရတယ်ဆိုတော့ မလောက်ဘူးပေါ့။ ရောဂါဖြစ်တဲ့ ကာလည်းရှည်လာတော့ ပိုပြီး စိုးရိမ်နေရတယ်” ဟု လမ်းခွကျေးရွာစစ်ရှောင်စခန်းမှ Slg. Lajing Hkawng Zawng က ပြောသည်။

စစ်ရှောင်စခန်းတွင် အစားအသောက် ကြပ်တည်းလာမှုကြောင့် မိမိနေရင်း ကဆုန်ကျေးရွာသို့ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် ပြန်သွားသော ဒေသခံ ၂ ဦးသည် မတ်လ ၅ ရက်နေ့တွင် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။

၂၀၁၈ ဧပြီလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ဌာနချုပ်နယ်မြေကို တပ်မတော်က ထိုးစစ်ဆင်လာသဖြင့် အဆိုပါဒေသရှိ စစ်ရှောင်များသည် နမ္မတီးမြို့ လမ်းခွကျေးရွာ အသင်းတော်များတွင် စစ်ရှောင်အဖြစ် စတင်ခိုလှုံခဲ့ကြခြင်းဖြစ်သည်။

Show More

Related Articles

Back to top button