သတင်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကို ကုတ်စနစ် စတင်စစ်ဆေးနေ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများကို စစ်ဆေးနိုင်ရန်တွက် ကုဒ်စနစ် စစ်ဆေးခြင်းကို စတင်ဆောင်ရွက်နေပြီဟု ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကုဒ်စစ်ဆေးခြင်း လုပ်ငန်းများကို ယခင်က အခြေခံပညာရေးကျောင်း နှင့် တက္ကသိုလ်ကျောင်းမှ ဆရာ၊ ဆရာမများ ပူးပေါင်းစစ်ဆေးသော်လည်း Covid-19ရောဂါကြောင့် ယခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ ဆရာမများသာ စစ်ဆေးမှု ပြုလုပ်နေရကြောင်း ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့က ပြောသည်။

“ကုဒ်စစ်တာကိုကျတော့ မေလ ၃၁ရက်နေ့ထိလို့ ခန့်မှန်းထားတယ်။ နောင်လာမယ့် စာစစ်တဲ့ လုပ်ငန်းတွေကိုတော့ ဇွန်လပိုင်းတွင်းမှာ စစ်လိမ့်မယ်။ ဘယ်တော့လောက်ပြီးနိုင်မလဲဆိုတာကိုတော့ အတိအကျပြောလို့မရဘူး။ စာစစ်ဖို့တွက် ဆရာ၊ ဆရာမအင်အားစာရင်းတွေကလည်း လိုသေးတာဆိုတော့ တစ်ချို့ဆရာမတွေက ပြောင်းသွားတာတွေ။ ရာထူးတိုးသွားတာတွေ ရှိတဲ့ချိန်ကျတော့ သူတို့နေရာမှာအစားထိုးဖို့ ဖြည့်ဖို့တွေက အများကြီးရှိသေးတယ်။ ခုလက်ရှိတော့ ကုဒ်စနစ်စစ်ဆေးတာတွေကို တက္ကသိုလ်ကျောင်းက ဆရာမတွေနဲ့ ဝန်ထမ်းတွေဆောင်ရွက်နေတယ်။ အခြေခံကတော့ ကျောင်းအုပ်ဆရာမကြီး သုံးယောက် ပြည်နယ်ပညာရေးမှူးက တာဝန်ပေးထားတဲ့ သုံးယောက်လာပြီး ကြပ်မတ်ပေးနေပါတယ်။” ဟု မြစ်ကြီးနားတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းကုဒ်စနစ် စစ်ဆေးခြင်းလုပ်ငန်းကို ယခင်က ပညာရေးဝန်ထမ်း အယောက် ၁၂၀ခန့်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းတွင် နေထိုင်သည့် ဆရာ၊ ဆရာမ အယောက် ၆၀ ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။

“ကုဒ်စစ်တဲ့လုပ်ငန်းတွေကို အရင်နှစ်တွေကတော့ ဆရာ၊မ အင်အား ၁၀၀ကျော်အသုံးချတယ်။ တက္ကသိုလ်ကျောင်းက ဆရာ၊မ ၃၀ ကျန်တဲ့ ၉၀လောက်ကျတော့အခြေခံက ပါတယ်။ ဒီနှစ်တော့ ကျောင်းတွင်းမှာနေကြတဲ့ ဆရာ၊မတွေနဲ့ဝန်ထမ်းတွေဘဲ လုပ်တယ်။ လူအင်အားက တစ်ဝက်လျော့လိုက်တဲ့ချိန်ကျတော့ အခန်းမှာ လူကြပ်မနေတော့ဘူး တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာလုပ်လို့ရတယ်။ လူအင်အားလျော့လိုက်တဲ့ချိန်ကျတော့ ရက်က နှစ်ဆကြာသားတယ်။” ဟု မြစ်ကြီးနားတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းတွင်းနေထိုင်သည့် ပညာရေးဝန်ထမ်းများသာ စစ်ဆေးနေခြင်းဖြစ်ကာ ခွင့်ရက်ဖြင့် ပြန်လည်ရောက်လာသူများ မပါဝင်ကြောင်း သိရသည်။

ကုဒ်စစ်ခြင်း ဆိုသည်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများစစ်ဆေးချိန်တွင် မသမာမှုများမရှိစေရန်အတွက် ခုံနံပါတ်တပ်ထားသည့်နေရာတွင် ခုံနံပါတ်များမတွေ့ရှိအောင် အခြားတစ်ခုဖြင့် အစားထိုး လျှို့ဝှက်သင်္ကေတထည့်ပေးရခြင်း ဖြစ်သည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၅၅၈ ကျောင်းရှိကာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသည့် ကျောင်းသူ ကျောင်းသားပေါင်း ၄၀၆၂၉ ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

 

Show More

Related Articles

Back to top button