Covid-19 Reportingသတင်း

စီတာပူ ကုန်တင်ကုန်ချစခန်းဘေးနားတွင် ပျံကျဈေးနေရာသတ်မှတ်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းဘေးနားရှိ ပျံကျဈေးဟောင်းတွင် ဈေးရောင်းရန်နေရာအတည်တကျမရှိသည့် ဈေးသည်များကို မေလ ၂၆ရက်နေ့မှစကာ ယာယီရောင်းချခွင့်ပြုထားပြီဟု သိရသည်။

အဆိုပါ ပျံကျဈေးသည်အချို့သည် မေလဆန်းပိုင်းမှစကာ မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းနောက်ဘက်ရှိ စီတာပူညဈေးတွင် လာရောက်ရောင်းချခဲ့ကြသော်လည်း ဈေးရောင်းရန်သတ်မှတ်ထားသည့်နေရာများမဟုတ်သည့်အတွက် အဆင်မပြေမှုဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ ယာယီပျံကျဈေးစီစဉ်ပေးခြင်းဖြစ်ကြောင်း စီတာပူအုပ်ချုပ်ရေးမှူး ဦးဇော်အောင်က ပြောသည်။

“ခုအဲမှာ ကုန်စိမ်းရောင်းတဲ့ ဈေးသည်တွေက ဈေးရောင်းဖို့အတွက် နေရာအတည်တကျ မရှိတဲ့တွက် တစ်နေရာပြီးတစ်နေရာ လိုက်ရောင်းနေကြတယ်။ ခုတစ်လောဘဲ ကျနော်တို့စီတာပူ တက္ကသိုလ်ကျောင်းနောက်ဘက်မှာလည်း လာရောင်းကြတယ်။ အဲမှာလည်းအဆင်မပြေဘူး။ အဲနေရာတွေက ဈေးရောင်းတဲ့နေရာမဟုတ်တဲ့တွက် စည်ပင်တွေကလည်းမောင်းကြတော့ အဆင်မပြေကြဘူး။ နောက်ပြီးတော့ မန်ခိန်အစပ်ဘက်မှာပြန်သွားရောင်းကြတော့ အဲမှာလည်းပြန်မောင်းကြတော့ နောက်ဆုံးကျနော်က စည်ပင်ဥက္ကဌတွေနဲ့တိုင်ပင်ပြီးတော့ ဒီလူတွေကို နေရာတစ်နေရာလောက်စီစဉ်ပေးဖို့အတွက် တိုင်ပင်ညှိနိူင်းခဲ့တာဖြစ်တယ်။ နောက်ဆုံးခု အရင်ပြန်ကျဈေးဟောင်းမှာ ခနယာယီရောင်းခိုင်းဖို့တွက် စီစဉ်လိုက်တာဖြစ်တယ်။” ဟု စီတာပူအုပ်ချုပ်ရေးမှူး ဦးဇော်အောင် ပြောသည်။

အဆိုပါ ကုန်တင်ကုန်ချစခန်းနားရှိ ပျံကျဈေးသည် လက်ရှိအချိန်တွင် ဈေးရောင်းခြင်းမရှိသော်လည်း ယခင်ပျံကျဈေးတည်ဆောက်ထားပြီး ဆိုင်ခန်းများလည်း ရောင်းချထားပြီးသားဖြစ်သည့်အတွက် ဆိုင်ခန်းပိုင်ရှင်များ ပြန်လည်ရောင်းချမည်ဆိုပါက နေရာဖယ်ပေးရမည်ဖြစ်ပြီး အဆိုပါဈေးနား နေရာများ၌ပင် နေရာအတည်တကျ စီစဉ်ပေးရန်ရှိကြောင်း သိရသည်။

ထိုနေရာတွင် အတည်ရောင်းချခွင့်ပြုမည် မပြုမည်နှင့် ပတ်သက်ပြီး တစ်ပတ်ခန့်စောင့်ကြည့်မည်ဖြစ်ကာ လက်ရှိချိန်တွင် ဈေးကော်မတီများလည်း ဖွဲ့ထားပြီးဖြစ်ကြောင်း စီတာပူအုပ်ချုပ်ရေးမှူး ဦးဇော်အောင်ကပြောသည်။

“ အရင်တုန်းကတော့ ဟိုပြေးဒီပြေးလိုက်ရောင်းရတာ ခုဒီလိုသတ်မှတ်ပေးလိုက်တော့ အဆင်ပြေသွားတယ်။ ဈေးဝယ်တဲ့သူရောရောင်းတဲ့သူရော အဆင်ပြေသွားတာပေါ့။ မဟုတ်ရင် ခုချိန်မှာရောဂါကဖြစ်နေတာနဲ့ စားသောက်က ခက်ခဲတာနဲ့ဆို ဈေးမရောင်းရင် အရမ်းခက်ခဲလာတယ်။” ဟု မိုးညှင်းမှ လာရောက်ရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။

ယခုရောင်းချခွင့်ပြုထားသည့် ယာယီပြန်ကျဈေးသည် ကုန်စိမ်းဈေးဖြစ်ပြီး ဈေးနဲ့ပတ်သက်သည့် ဈေးသည်များ လိုက်နာရမည့်စည်းကမ်းချက်များအပြင် ဈေးဝယ်သူများလိုက်နာရမည့် စည်းကမ်းချက်များလည်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ကပြောသည်။

“ကျနော်ကတော့ အရင်က ဆိုက်ကားနင်းတာဟုတ်တယ်။ ဒါပေမယ့် ဆိုက်ကားနင်းတာလည်းအဆင်မပြေတော့ ဈေးရောင်းတယ်။ ဈေးရောင်းပြန်တော့လည်း နေရာအတည်တကျမရတဲ့ခါကျတော့ မိုးရွာတဲ့နေ့တွေဆို လမ်းဘေးမှာလိုက်ရောင်းတော့ အဆင်မပြေဘူး။ ခုလိုမိုးလုံလေလုံမှာရောင်းရတဲ့တွက် အဆင်ပြေပါတယ်။” ဟု ဈေးသည် ဦးရဲရွှေက ပြောသည်။

ယာယီပျံကျဈေးအား Covid-19 ကာလတွင်းသာ ရောင်းချခွင့်ပြုရန်သတ်မှတ်ထားသော်လည်း ဈေးရောင်း၊ ဈေးဝယ်အခြေနေပေါ်မူတည်ပြီး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button