Covid-19 Reportingသတင်း

လူနာအမှတ်စဉ် ၂၄၉ နှင့်ထိတွေ့ခဲ့သော မြစ်ကြီးနားတက္ကသိုလ်တွင် စာစစ်နေသည့်ကျောင်းဆရာကို ဆေးရုံသို့ခေါ်ဆောင်

မိုးမောက်က Covid-19 ပိုးတွေ့လူနာအမှတ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ မြစ်ကြီးတက္ကသိုလ်တွင်စာစစ်ရန်ရောက်ရှိနေသည့် ဆရာတစ်ဦးကို ဇွန်လ ၁၁ရက်နေ့ ယနေ့ ညနေပိုင်း ၃နာရီအချိန်ခန့်တွင် ပြည်သူ့ဆေးရုံရှိ Quarantine Center သို့ ခေါ်ဆောင်သွားပြီဟု မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ဝင်းထံ မှ သိရသည်။

ဗန်းမော်မြို့အခြေခံအထက်တန်းပညာကျောင်းမှ အသက် ၄၀ကျော်အရွယ်ရှိသည့် အဆိုပါကျောင်းဆရာသည် စာစစ်ရန် မြစ်ကြီးနားတက္ကသိုလ်တွင် ဇွန်လ ၃ ရက်နေ့ကတည်းက ရောက်ရှိနေပြီဖြစ်သည်။

“ခုနဘဲ ဆေးရုံကအကြောင်းကြားလာပြီး လာခေါ်သွားကြပြီ။ သူနဲ့အခန်းဖော်ဖြစ်တဲ့ဆရာတစ်ဦးပါ တစ်ခါတည်းထည့်လိုက်တယ်။ ကျန်တဲ့ဆရာ၊ မတွေကိုတော့ ကျန်းမာရေးဌာနကနေ လက်ရှိချိန်ထိ ညွှန်ကြားမှုတစ်စုံတစ်ရာ မရောက်သေးတဲ့အတွက် ဒီတိုင်းဘဲ ဘာမှမလုပ်သေးဘူး။ ညွှန်ကြားချက်ရောက်လာမှဘဲ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ သိမယ်” ဟု မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း က ပြောသည်။

လက်ရှိမြစ်ကြီးနားဆေးရုံသို့ ခေါ်ဆောင်သွားသည့် အဆိုပါကျောင်းဆရာ၏နေအိမ်သို့ ပိုးတွေ့လူနာအမှတ် ၂၄၉ သည် ဗန်းမော်မြို့၌ရှိစဉ် ၎င်းဆရာနေအိမ်သို့ အလည်သွားရောက်ခဲ့သည့်အတွက် ယခုလို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ဇွန်လ ၁၁ရက်နေ့ ကချင်ပြည်နယ်တွင် ပိုးတွေ့ရှိသူတစ်ဦးအပါအဝင် ပိုးတွေ့ရှိသူများနှင့်ထိစပ်ခဲ့သူ စုစုပေါင်း လူဦးရေ ၉ဦး ရှိပြီဖြစ်သည်။

 

Show More

Related Articles

Back to top button