သတင်း

ပူတာအို စစ်ရှောင်များကို နေရာအသစ်တွင်ပြန်လည်နေရာချထားရန် KHCC စီစဉ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ လုံးစွတ်စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးအဆင်မပြေတော့သဖြင့် သီးခြားနေရာချထားပေးရန် ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ KHCC က စီစဉ်နေပြီဟု သိရသည်။

မြေနေရာချပေးရန် အစိုးရနှင့်ညှိနှိုင်းပြီး မြေကွက်တိုင်တာစစ်ဆေးမှုများပြုလုပ်နေပြီဟု KHCC ဥက္ကဌ Rev.Dr.Hkalam SamSon က ယခုလို ပြောဆိုသည်။

“ကျနော်တို့ ပူတာအိုစစ်ရှောင်တွေအတွက် တရားဝင်ချပေးဖို့ မြေတွေဝယ်ပြီးမှ လုပ်ငန်းစနေပြီ။ သူတို့က မူလနေရာကို ပြန်ဖို့ လုံခြုံရေးအတွက် စိုးရိမ်တော့မြေနေရာတွေကို ချပေးဖို့တောင်းဆိုတာပေါ့။ အဲ့တော့ ကျနော်တို့က အစိုးရနဲ့ ညိနှိုင်းပြီး လုပ်နေရတာပေါ့။ အဲ့ကြောင့်အခု သူတို့နေမယ့် နေရာကိုလည်း သတ်မှတ်ထားပြီဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ လုံးစွတ်စစ်ရှောင်ပြည်သူများက နဂိုမူလဒေသသို့ ပြန်လည်နေထိုင်ရန် အခက်အခဲရှိနေသဖြင့် မြေနေရာ အသစ်သို့ ရွှေ့ပြောင်းအခြေချပေးရန် KHCC နှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အကြောင်းကြားတောင်းဆိုပေးရန် အတွက် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သို့ စာပေးပို့ခဲ့သည်။

လုံးစွတ်စစ်ရှောင် အိမ်ထောင်စု ၇၇ ခု၊ လူဦးရေ ၃၀၀ကျော်အတွက် အစိုးရနှင့်ညှိနှိုင်းပြီး မချမ်းဘော့မြို့နယ်အတွင်းရှိ စီဒမ် (Tsi Dam Pa) ကျေးရွာအနီးတွင် ချပေးရန်စီစဉ်နေကြောင်း သိရသည်။

KHCC မှ ပြန်လည်ထူထောင်ရေးအဖြစ်စီစဉ်ပေးမည့် မြေနေရာသည် လက်ရှိနေထိုင်သည့် လုံးစွတ်စစ်ရှောင်စခန်း နှင့် ၁၂မိုင်ကျော် ဝေးလံနေသောကြောင့် စစ်ရှောင်တချို့က စိုးရိမ်မှုရှိနေကြောင်း တာဝန်ခံ ဦးဖုန်ထိက ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဖြစ်နိုင်ရင်တော့ အခုစီစဉ်ပေးနေတဲ့ နေရာထက်ပိုကောင်းတဲ့ နေရာမှာရစေချင်တာပေါ့လေ။ အခုဒီဘက်မှာက ကိုယ်ကြိုက်တဲ့ မြေနေရာရဖို့က ခဲယဉ်းသွားပြီ ဆိုတာတော့ သိတယ်။ ဒါပေမယ့် စစ်ရှောင်တွေက မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရချင်တယ်။ အခုက သိပ်စိတ်ကျေနပ်မှုမရှိဘူးပေါ့” ဟုပြောသည်။

လုံးစွတ်စစ်ရှောင်စခန်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူများမှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် မချမ်းဘော့မြို့နယ် အင်ခါးဂါး၊ အင်ဖျီဂါ၊ ဖကန်းနှင့် နှင်းတန်ဂေါင်း စသည့်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားလာသဖြင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြသည်။

၎င်းတို့သည် မူရင်းဒေသသို့ နေရပ်ပြန်မည်ဆိုသော်လည်း အပြန်လမ်းမပေါ်တွင် အစိုးရတပ်မတော် တပ်စခန်းတည်ရှိနေသောကြောင့် အခက်အခဲ ရှိနေသည်ဟု ပြောဆိုနေကြသည်။

ထို့ပြင် ဖားကန့်မြို့နမ့်ဂျန်ခူး (Nam Jang Hku) စစ်ရှောင်များကလည်း နဂိုမူလဒေသသို့ ပြန်လည်နေထိုင်ရန် အခက်အခဲရှိသဖြင့် မြေနေရာအသစ်တွင် ပြန်လည်ထူထောင်ပေးရန် KHCC သို့စာတင်ပြထားသည်ဟု သိရသည်။

 

Show More

Related Articles

Back to top button