သတင်း

ဧရာဝတီမြစ်ရေ မြစ်ကြီးနားမြို့သို့မဝင်စေရန် ရေတံခါးပြုလုပ်ရန်စီစဉ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျပ်ဘီလီယံ သန်း ၅၀ခန့်ကုန်ကျမည့် ရေထိန်းနံရံ ၊ ရေတံခါးများဆောက်လုပ်သွားရန်စီစဉ်နေသည်ဟု သိရသည်။

ဇူလိုင်လ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရ၏ ၄ နှစ်တာကာလတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းနဲ့ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နှစ်စဉ်ရေဝင်နေတာကို မဝင်အောင်ဘယ်လိုလုပ်မလဲဆိုပြီး ဆည်မြောင်းဝန်ကြီးဌာနနဲ့ဆွေးနွေးတဲ့ချိန်မှာ စာပေလုပ်ပြီး ဖွဲ့ခိုင်းပါတယ်။ အဲလိုဖွဲ့လိုက်တော့ ဘီလီယံ ၅၀ကုန်ကျနိုင်မယ့် ရွှေစက်၊ မန်ခိန်ကနေ စီတာပူ တစ်လျှောက် ကြက်ပေါင်ခြံအထိ တစ်ချို့နေရာတွေကျတော့ ရေမဝင်နိုင်အောင် ရေတံခါးတွေလုပ်ဖို့ အစီမံရှိပါတယ်။” ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ပြောသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်နိုင်ရန် လက်ရှိချိန်တွင် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နေပြီး စီမံကိန်းကာလ ၅နှစ်ခန့်ကြာမြင့် နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် မြစ်ရေဝင်ရောက်မှု စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး လွန်ခဲ့သည့် ၁၉၇၉ခုနှစ်တွင် စိုးရိမ်ရေအမှတ်(၁၄၁၄)၊၂၀၀၄ ခုနှစ် စိုးရိမ်ရေအမှတ်(၁၄၀၈) နှင့် ၂၀၁၉ စိုးရိမ်ရေအမှတ်(၁၂၂၉) ထိ ရောက်ရှိခဲ့သော်လည်း ဧရာဝတီမြစ်ရေသည် ရေထိန်းနံရံတာရိုးဘောင်ကျော်ကာ ဝင်ရောက်လာခြင်းမရှိခဲ့ပေ။

ဧရာဝတီမြစ်ရေတက်လာသည်နှင့်အမျှ မြစ်ကြီးနားမြို့တွင်း မြေနိမ့်ရပ်ကွက်များတွင် ရေဝင်ရောက်ခြင်း၏ အဓိကအချက်သည် ရေဝင်ပေါက်များမှ ဝင်ရောက်သည့်ရေများကြောင့်ဖြစ်ပြီး အဆိုပါရေဝင်ပေါက်တွင် ရေတံခါးတပ်ဆင်ထားပါက မြို့တွင်းသို့ ဝင်ရောက်နေသည့်မြစ်ရေကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေသဦးစီးအရာရှိ ဦးနိုင်လင်းထွေးနဲ့ ကချင်သတင်းဌာန KNG တို့ ဇွန်လ ၂ရက်နေ့ အင်တာဗျုးရာတွင် ပြောဆိုခဲ့ဖူးသည်။

မြစ်ကြီးနားမြို့တွင် ရေဝင်ပေါက် ၈ခုရှိနေပြီး ဧရာဝတီမြစ်ရေမြင့်တက်လာသည်နှင့်အမျှ ရေဝင်နိုင်သော မြေနိမ့် ရပ်ကွက်များမှာ လယ်ကုန်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ကွက်သစ်၊ စီတာပူ စသည်ရပ်ကွက်တို့ဖြစ်သည်။

မေခနှင့် မလိခ ပေါင်းဆုံရာမှ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတင်စီးဆင်းသည့် ဧရာဝတီမြစ်ကြီးသည် မြစ်ရေအတက်အကျအခြေနေအား ကြိုတင်ခန့်မှန်းနိုင်ရန် လက်ရှိချိန်ထိ ခက်ခဲနေဆဲဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မလိခအထက်ပိုင်းတွင် ရှိသည့် ရေကာတာ ၂ခု၏ ရေစီးဆင်းမူအချက်လက်များ လွယ်ကူစွာရရှိနိုင်သော်လည်း မေခမြစ်ပေါ်တွင်ရှိသည့် ချီဖွေရေကာတာမှအပါအဝင် တရုတ်နယ်စပ်ဘက်တွင် ရှိသည့် ရေကာတာ ၆ခု၏ ရေစီးဆင်းမူနဲ့ပတ်သက်သည့် သတင်းအချက်လက်ရယူရန်မှာ ခက်ခဲနေသောကြောင့်ဖြစ်သည်။

ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၆နာရီခွဲတိုင်းထွာချက်အရ မြစ်ကြီးနားမြို့၏ မြစ်ရေအမှတ်သည် ၉၇၈ စင်တီမီတာ ရှိနေပြီး တစ်နာရီရေတက်နူန်းသည် (+၅)ဖြင့် ဆက်လက်တက်နေဆဲဖြစ်ကာ နောက်ထပ်မြစ်ရေဆက်တက်လာနိုင်ပြီး မြစ်ကြီးနားမြို့၏ မြစ်ရေအမှတ် ၁၀၀၀ရောက်ရှိလာပါက မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်လာနိုင်သည့်တွက် ကြိုတင်ပြင်ဆင်ထားရန် ကချင်ပြည်နယ်မိုးလေဝသနဲ့ဇလဗေသမှ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button