Covid-19 Reportingသတင်း

ကချင်ပြည်နယ် Covid-19 စေတနာ့ဝန်ထမ်းအဖွဲ့များ၏နောက်ဆုံးအခြေအနေ

ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိမှု နည်းပါးသွားပြီးနောက် ပြည်သူလူထုကြားရောဂါအခြေအနေစိုးရိမ်မှု လျှော့ကျလာကာ စေတနာ့ဝန်ထမ်း Volunteer အဖြစ်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ချို့သည်လည်း လုပ်ငန်းစဉ်များရပ်နားသွားသည်ကို မြင်တွေ့နေရသည်။

ဇူလိုင် ၃၀ ရက်နေ့အထိ ကချင်ပြည်နယ်တွင် Quarantine Center ၄၂၆ ခုသာရှိပြီး လူဦးရေ ၆၁၄ ဦးရှိကာ ဓါတ်ခွဲအတည်ပြု လူနာ ၂ ဦးသာ ရှိခဲ့သည်။

မြန်မာပြည်တွင် Covid-19 ဓါတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိပြီး ၄ လကျော်အကြာ ကချင်ပြည်နယ်ရှိ Covid-19 စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတချို့ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။


ကိုပေါ်လု
Kachin State Covid-19 Prevention Network

“ကျနော်တို့ အဖွဲ့အစည်းကတော့ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်နယ်အတွင်းမှာ ဒုက္ခကြုံတွေ့ခဲ့ရတဲ့ မိသားစု ၁ထောင်ကျော်ရှိနေတယ်။ ဒီမိသားစုတွေကို လိုအပ်ရင်လိုအပ်သလို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်။ နောက် မျက်မမြင်ကျောင်းနဲ့ မြို့ပေါ်က အိမ်ဌားမိသားစုတွေရဲ့ နာမည်စရင်းကောက်ပြီး သွားရောက်ကူညီတယ်။ အခုလည်း အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆား တွေကျန်ရှိနေသေးတယ်။ ဒီဟာတွေကိုလည်း ဆက်လက် ထောက်ပံ့မှုတွေပြုလုပ်နေတယ်။ တစ်ချို့ရပ်နားရင်လည်း ကျနော်တို့က ရပ်နားဖို့ အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါက ပေါ့လို့မရဘူး။ ပြီးရင်ကိုယ့်ပြည်နယ်မှာဆိုတော့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ခံစားရတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။ လူသာပြောင်းသွားမယ်။ အဖွဲ့အစည်းက အမြဲတမ်းရှိနေမယ်”

 

ဦးခွန်မြတ်မင်းအောင်
Covid-19 ကူညီရေး မြစ်ကြီးနားအခြေပြုအဖွဲ့

“ကျနော်တို့ကတော့ အစိုးရနဲ့ပြည်သူကြား လစ်ဟာနေတဲ့အရာလေးတွေ ဖြည့်ဆည်းပေးဖို့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ အလှူရှင်တွေအနေနဲ့ တိုက်ရိုက်လှူဒါန်းတာတွေမဟုတ်ဘဲ ကျနော်တို့ကနေ တဆင့်ကြားခံ ဆောင် ရွက်ပေးတာပေါ့လေ။ သူတို့အတွက် စားရေး သောက်ရေးတွေပြင်ဆင်ပေးခဲ့တယ်။ အခုနောက်ပိုင်း ကွာရတင်းတွေကို ရပ်ထားပြီး ရပ်ကွက်တွေမှာရှိတဲ့ အခြေခံကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေမှာ ပိုးသတ်ဆေးဖျန်းတဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်။ နောက်ပြီး တစ်ချို့ကျောင်းတွေမှာ ကျောင်းသားတွေ ကျန်းမာရေးအတွက် လက်ဆေးကြောဖို့အတွက် ဘေစင်တွေ သွားရောက် ပြုလုပ်ပေးခဲ့တယ်။ နောက်ထပ်လည်း တောင်းဆိုလာတဲ့ ကျောင်းတွေဆို ထပ်မံပြုလုပ်ပေးဖို့ရှိတယ်”

 

Mr.Zet
ကချင်နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Back Pack Health Worker Team)

“ကျနော်တို့က ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့အတူပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ အဓိကတော့ ဝေးလံခေါင်ပါးတဲ့နေရာဒေသတွေမှာ သွားရောက်ပြီး ဆေးကုသမှုတွေပြုလုပ်ပေးနေတာပေါ့။ အခုနောက်ပိုင်း ကိုးဗစ်ပြန်ဖြစ်လာတော့ ကျေးလက်ဒေသတွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး အမြင်ဖွင့်သင်တန်းပေးတာတွေ။ နောက် ရောဂါကာကွယ်ရေးပစ္စည်းတွေကို သွားရောက်ထောက်ပံ့ပေးတယ်။ နောက်ပြီး ကိုဗစ်ဒုက္ခကြောင့် တကယ့် အခက် အခဲကြုံတွေ့နေရတဲ့ မိသားစုတွေရဲ့စာရင်းကောက်ပြီး သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်နေတယ်။ အခုနောက်ပိုင်းက ကျေးလက်ဒေသတွေမှာ ထားရှိတဲ့ ကွာရတင်းစင်တာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပြန်ပြီ အသုံးအဆောင်ပစ္စည်းတွေ ဆေးဝါးပစ္စည်းတွေ ပြန်ပြီး လှူဒါန်နေပါတယ်”

Show More

Related Articles

Back to top button