ငြိမ်းချမ်းရေးဆွေးနွေးမှုရွေးကောက်ပွဲဆိုင်ရာသတင်း

၂၀၀၈ ဖွဲ့စည်းပုံ လက်မခံသည့်အတွက် ရွေးကောက်ပွဲကိုလည်းလက်မခံဟု KIO ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လာမည့် ၂၀၂ဝရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော သုံးကြိမ်မြောက်အထွေထွေရွေးကောက်ပွဲဖြစ်သည်။

“ဒီရွေးကောက်ပွဲက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တည်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ကျနော်တို့အနေနဲ့က အစကတည်းကနေ ဒီဖွဲ့စည်းပုံအခြေခံကို လက်ခံခဲ့တာမဟုတ်တဲ့အတွက် ရွေးကောက်ပွဲကိုလည်းလက်ခံနိုင်စရာ အကြောင်းမရှိပါဘူး” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ရွေးကောက်ပွဲကျင်းပရန် သက်ဆိုင်ရာအစိုးရကသော်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်မှသော်လည်းကောင်း လာရောက်ညှိနှိုင်းလျှင်ပင် ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

သို့သော် ၎င်းတို့အနေဖြင့် အဆိုပါရွေးကောက်ပွဲအား အနှောက်ယှက်ပေးခြင်း၊ ကန့်ကွက်ခြင်းမျိုးပြုလုပ်မည် မဟုတ်ဘဲ KIO အဖွဲ့ထိန်းချုပ်နယ်မြေများမှအပ အခြားနေရာများတွင် လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၁ ခုနှစ် ကချင်တစ်ကျော့ပြန်တိုက်ပွဲကြောင့် KIO ထိန်းချုပ်ရာနယ်မြေများတွင်လည်း စစ်ရှောင်များအများအပြားထွက်ပြေးခိုလှုံနေဆဲဖြစ်သည်။ အဆိုပါစစ်ရှောင်များအနေဖြင့် မိမိဒေသတို့သွားရောက်မဲထည့်ခွင့်ရှိကြောင်းနှင့် ထိုကိစ္စအပေါ် တစ်စုံတစ်ရာတားမြစ်မည် မဟုတ်ဟု ဆိုသည်။

သို့သော် မြန်မာအစိုးရအနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်ကြေညာထားသည့်အတွက် မိမိဒေသသို့သွားရောက် မဲပေးရန် အခက်ခဲရှိနေကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဌ ဦးကွမ်ကရောင် အောင်ခမ်းက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့အနေနဲ့တော့ KIA ထိန်းချုပ်ထားတဲ့ဘက်က စစ်ရှောင်တွေဆီက မဲလိုချင်တယ်။ မဲပေးနိုင်ဖို့လည်း လုပ်ချင်တယ်။ ဒါပေမယ့် တစ်ဖက်မှာကလည်း ၁၇(၁)ရှိတော့ ဟိုဘက်ကတော့ ခွင့်ပြုလိုက်ပြီထားပါတော့ ဒီဘက်ကျမှ ဖမ်းခံနေရရင် ဘယ်လိုလုပ်မလဲ။ အဲကြောင့် KIA ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုတော့ ပါတီတွေကဘဲမဟုတ်ဘဲနဲ့ ကော်မရှင်နဲ့ ပူးပေါင်းပြီးမှ လုပ်ဆောင်နိုင်ရန်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမယ့်ခုချိန်ထိတော့ ကော်မရှင်ကလည်းဘာမှ ညွှန်ကြားလာတာမရှိဘူး” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)မှ ဦးအောင်ခမ်းက ပြောသည်။

လာမည့် အထွေထွေရွေးကောက်ပွဲသည် ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသူ ဆယ်သိန်း ရှစ်သောင်းကျော်ရှိကာ ပြီးခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲက မဲပေးခွင့်ရှိသူ ရှစ်သိန်းကျော်ရှိခဲ့သည်။

ကချင်ပြည်နယ်တွင်လာမည့်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၈၈၉ ရုံကျော်ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ ကျေးရွာအုပ်စုပျက်များကြောင့်သော်လည်းကောင်း မဲရုံဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျေးရွာပေါင်း ၁၉၃ ရွာခန့်ရှိကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။

Show More

Related Articles

Back to top button