ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

လူငယ်တစ်ဦးရိုက်နှက်ခံရမှု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့တိုင်ကြားထား

ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။

သြဂုတ်လ ၂၄ရက်နေ့ မွန်းလွဲပိုင်း ၂နာရီခန့် ကျေးရွာအတွင်းလမ်းခင်းရန် နမ်ဆမ်ချောင်းမှ ထော်လာဂျီဖြင့် သဲကျောက်သယ်လာစဉ် ပြည်သူ့စစ်ဂိတ် မောင်းတံကြိုးတိုက်မိပြီးနောက် ထော်လာဂျီမောင်းသူ မောင်လမိုင်ထွယ်ဘောက် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးလမိုင်ဘရန်နူး (ဦးဆွေဦး) က ယခုလိုပြောဆိုသည်။

“ကျေးလက်ဖွံဖြိုးရေးခေါင်းစဉ်နဲ့ ကျေးရွာအတွင်းမှာ သဲကျောက်ခင်းတဲ့အစီအစဉ်လုပ်နေတာပေါ့လေ။ အဲ့မှာကျနော့်သားကို သဲကျောက်သယ်ဖို့ ထော်လာဂျီမောင်းခိုင်းတယ်။ သဲကျောက်သယ်လာတော့ ပြည်သူ့စစ်ဂိတ်ဝအပေါက်မှာ ဂိတ်စောင့်တဲ့ သူတွေက မောင်းတံကြိုးကို ကောင်းကောင်းမဖွင့်ပေးဘူးလို့ပြောတယ်။ အဲ့တော့ သူ့ကားနဲ့ မောင်းတံကြိုးချိတ်မိ သွားတယ် လို့ပြောတယ်။ ဂိတ်ဝစောင့်တဲ့ သူတစ်ယောက်က ကားပေါ်မှာပါလာတဲ့ ကော်ပြားနဲ့ ကျနော်သားကို ရိုက်ဖို့လုပ်တယ်တဲ့။ နောက်ကျနော်သားလည်း ကားပေါ်က ဆင်းပြီး စကားများကြတယ်လို့သိရတယ်။ နောက်တော့ ဂိတ်ဝစောင့်တဲ့ ၃ယောက် လောက်က ကျနော်သားကို ၂ယောက်ဝိုင်းဆွဲပြီး ၁ယောက်က ကိုင်ထားတဲ့ လက်နက်တွေနဲ့ တစ်ကိုယ်လုံး ရစရာမရှိအောင် ရိုက်လိုက်တယ်။ အဲမှာ သတိလစ်သွားတယ်” ဟု ပြောသည်။

ဖြစ်စဉ်တွင် ကျူးလွန်သူများကို အရေးယူ ဆုံးမကြပ်မတ်ပေးရန်နှင့် အရပ်သားပြည်သူလူထုများအပေါ် နောက်နောင် မတရားအနိုင်ကျင့် နှိပ်စက်မှုများ မပြုလုပ်ရေးအတွက် ဖခင်ဖြစ်သူ ဦးဘရန်နူး (ဦးဆွေဦး) က သက်ဆိုင်ရာ ပြည်သူ့စစ်ဌာနနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ စာတင်ပြထားသည်ဟု သိရသည်။

ထို့နောက် ရှမ်းနီပြည်သူ့စစ်ဌာနမှ ဒုတိယတာဝန်ခံ က ယခုလိုဖြစ်ရပ်မျိုးများ ထပ်မံ မဖြစ်ပွားရအောင် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု ဖခင်ဖြစ်သူ ဦးလမိုင်ဘရန်နူး (ဦးဆွေဦး) ထံ ဆက်သွယ်လာသောကြောင့် တရားစွဲဆိုခြင်းမျိုး ပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောသည်။

ရိုက်နက်ခံရသော အသက် ၂၀ အရွယ် မောင်လမိုင်ထွယ်ဘောက်ကို ခန္တာကိုယ်ပြင်းထန်ဒဏ်ရာ၊ ဘယ်နှာရွက် သွေးရိုစိမ့်မှု၊ ညာနှာရွက်အောက်ညှိမဲဒဏ်ရာရှိမှုတို့ကြောင့် လက်ရှိမြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံပေးနေကြောင်း သိရသည်။

အဆိုပါ ရှမ်းနီပြည်သူ့စစ်တပ်စခန်းသည် စံပြကျေးရွာအနီးတွင်ရှိပြီး မြန်မာ့တပ်မတော် ခလရ (၂၉၇) တပ်ရင်း၏ အကာအကွယ်ပေးမှုဖြင့် ၂၀၁၉ ခုနှစ် မေလကတည်းက စတင်အခြေစိုက်ထားသည်ဟု ဒေသခံများပြောသည်။

သို့သော် အဆိုပါနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA လှုပ်ရှားရာနေရာများနှင့် နီးကပ်နေသောကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် စံပြကျေးရွာ အပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် Awng Ra (အောင်ရာ) နှင့် Ban Kawk (ဘန်ကောက်) စသည့်ကျေးရွာများမှ ရွာသား (၄၀)ခန့်လည်း ကန့်ကွက်စာ တင်ထားကြောင်း ဆိုသည်။

၂၀၁၉ ခုနှစ်က ဆောက်လုပ်နေဆဲ ပြည်သူ့စစ်စခန်း

ကျေးရွာလမ်းတွင် တပ်စခန်းလာချထားမှုကို မလိုလာကြောင်းနှင့် တပ်စခန်း ရုတ်သိမ်းပေးရေးနှင့်ပတ်သက်ပြီး စံပြရာအိမ်မှူးဟောင်း ဦးလယ်မယ်တားက တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံမေးမြန်းရာတွင် အထက်အမိန့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကချင်သတင်းဌာန KNG ကို ယခင်က ဖြေကြားထားသည်။

ဒေသခံပြည်သူများကို နိုင်ထက်စီးနင်းလုပ်ဆောင်သော အပြုမှုများကို လုံးဝ မလိုလားကြောင်း ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနော်ဒီးကလည်း ယခုလိုပြောဆိုသည်။

“လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ မလိုလားဘူး။ မရှိတာက ဒေသခံတွေအတွက် မရှိရင်အကောင်းဆုံးဘဲ။ အခုရှိနေတာလည်း လုံးဝသဘောမတူဘူး။ စခန်းစတည်ကတည်းကလည်း ကန့်ကွက်ခဲ့တယ်။ အခုလည်း ဒီအမှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အားလုံးကိုလည်းတင်ပြထားပြီ။ နောက်ဆက်ပြီး ဒီလိုဖြစ်ရပ်မျိုးပြန်မဖြစ်ဖို့ဘဲ အရေးကြီးတယ်” ဟု ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမဘက်  ပယင်းမှော်ဒေသများကို ၂၀၁၈ ခုနှစ်တပ်မတော်က နယ်မြေရှင်းလင်းရေးတိုက်ပွ​ဲ ဆင်နွဲပြီးနောက် အခြားပြင်းထန်သော တိုက်ပွဲများ မရှိတော့ကြောင်း သိရသည်။

Show More

Related Articles

Back to top button