ရွေးကောက်ပွဲဆိုင်ရာသတင်း

ဗန်းမော်ခရိုင်ရှိ စစ်ရှောင်စခန်း ၃ ခု၌သာ မဲရုံထားမည်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် စစ်ရှောင်စခန်းပေါင်း ၂၀ ရှိသည့်အနက် စခန်း ၃ ခုတွင်သာ မဲရုံဖွင့်မည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

အဆိုစခန်း ၃ ခုမှာ မံစီမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ဖြစ်သည်ဟုလည်း သိရသည်။

“မံစီမြို့နယ်တွင်းမှာ စစ်ရှောင်စခန်းက ၃ခုရှိတယ်။ အဲစစ်ရှောင်စခန်းတွေက ရပ်ကျေး၊ ရပ်ကွက်မှာ ထားမယ့်မဲရုံနဲ့ ဝေးတဲ့အတွက် မဲဆန္ဒရှင်တွေမဲလာပေးဖို့ ခက်ခဲဖြစ်နိုင်တယ်။ အဲကြောင့် မဲရုံ ၃ရုံထားဖို့ စီစဉ်ထားပါတယ်။ လက်ရှိအချိန်ထိတော့ တစ်ခြားမြို့နယ်က ထားဖို့မရှိသေးပါဘူး။ ကော်မရှင်ရဲ့ညွန်ကြားချက်အရ စစ်ရှောင်တွေအနေနဲ့မိမိနေထိုင်တဲ့ ရက်ကွက်နဲ့နီးတဲ့နေရာမှာပဲ မဲသွားပေးရမှာဖြစ်တယ်။” ဟု ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အတွင်းရေးမှူး ဦးကျော်ထွန်းက ပြောသည်။

မဲရုံထားရှိမည့် မံစီမြို့မှ စစ်ရှောင်စခန်းသည် အိမ်ထောင်စုပေါင်း ၁၄၄၆ ရှိပြီး လူဦးရေစာရင်းအားဖြင့် ၇၂၀၆ ရှိကာ မဲထည့်လို့ရမည့် လူဦးရေစာရင်းသည် ၄၉၇၅ ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ စခန်းမှာတော့ မဲရုံသီးသန့်ထောင်ပေးမယ်လို့တော့ ပြောကြတယ်။ ဒါပေမယ့် မဲထည့်ဖို့ကကျနော်တို့ စစ်ရှောင်တွေရဲ့အရေးမဟုတ်တော့ဘူး။ ၂၀၁၅ တုန်းက ကျနော်တို့ NLD ကိုမဲထည့်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့နေရပ်ပြန်ဖို့က ဘာမှမထူးလာဘူး။ ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထည့်ဖို့မသေချာသေးဘူး။ စခန်းမှာမဲရုံလာထားပေမယ့် စစ်ရှောင်တွေများစုက မဲထည့်ဖို့စိတ်မဝင်စားကြဘူး။” ဟု ဗန်းမော်မြို့အတွင်းရှိ ရောဘတ်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဆရာအင်ဒေါင်တန်ဂွန်းက ဆိုသည်။

ရောဘတ်စစ်ရှောင်စခန်းတွင် အိမ်ထောင်စုအားဖြင့် ၅၀၀ ကျော်နေထိုင်ပြီး ကျေးရွာပေါင်း အများဆုံး စုနေထိုင်ရာ စခန်းတစ်ခုဖြစ်သည်။ စခန်းတွင် မဲစာရင်းလာရောက်ကပ်ထားသော်လည်း စစ်ရှောင်များအနေဖြင့် မဲစာရင်းကြည့်သူ အလွန်နည်းပါးကြောင်း ၎င်းက ဆက်ပြောသည်။

ဗန်းမော်ခရိုင်ရှိ ဗန်းမော်မြို့နယ်တွင် စစ်ရှောင်စခန်း ၆ခု၊ မံစီမြို့နယ် ၃ ခု၊ မိုးမောက်မြို့နယ် ၉ခု၊ ရွှေကူမြို့နယ် ၂ ရှိပြီး စစ်ရှောင် လူဦးရေအားဖြင့် ၁၇၃၂၁ ဦးရှိကြောင်း သက်ဆိုင်ရာကော်မရှင်ရုံးမှ သိရသည်။

“ကျမတို့ကျတော့ ခုချိန်ထိ မဲရုံကိစ္စတွေ မဲထည့်မယ့်ကိစ္စဘာမှမသိရသေးဘူး။ ရပ်ကျေးကလည်း စာရင်းတော့ လာကောက်သွားတယ်။ ဒါပေမယ့် မဲစာရင်းလာကြည့်ဖို့ သေသေချာချာပြောတာတောင်မရှိဘူးဆိုတော့ စစ်ရှောင်တွေလည်း မဲစာရင်းကြည့်ဖို့ မပြောထားဘူး။” ဟု ဗန်းမော် ထွယ်ဆန်စစ်ရှောင်စခန်းမှ တာဝန်ခံဆရာမ ဘောက်ခေါန်က ပြောသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လာမည့် ၂၀၂၀အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကာ လူဦးရေအားဖြင့် ၁၀သိန်း ၈သောင်းကျော်ရှိသည်။

ဗန်းမော်ခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှွတ်တော်နေရာတွင် ၃၀ ဦး၊ အမျိုးသားနေရာတွင် ၂၃ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ၆၀ ဦးရှိကာ တစ်သီးပုဂ္ဂလ ၂ ဦးရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့မှ သိရသည်။

 

Show More

Related Articles

Back to top button