Covid-19 Reportingသတင်း

ကိုဗစ်ကာလ ညွန်ကြားချက်မလိုက်နာတဲ့ မြစ်ကြီးနားရှိ KTV ဆိုင်တစ်ခုကို အရေးယူထား

မြစ်ကြီးနားမြို့တွင် အနှိပ်ခန်း၊ ကာရာအိုကေ နှင့် အရက်ဆိုင်နှင့်တွဲသော စားသောက်ဆိုင်များ ဖွင့်ရန် လုံးဝခွင့်ပြုထားခြင်းမရှိသည့်အတွက် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ဆိုသည်။

“Covid-19 ဖြစ်တဲ့ကာလမှာ သက်ဆိုင်ရာ ဌာနအသီးသီးကနေပြီးတော့မှ Covid-19 ထိန်းချုပ်ရေးဗဟိုအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ ကျနော်တို့ဌာနဆိုင်ရာအသီးသီးမှာ ပေးပို့ထားတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရနေလည်း ညွှန်ကြားထားတယ် ကျနော်တို့ဌာန ကနေလည်း ညွှန်ကြာထားတာများကြီးရှိပါတယ်။ ဒီကာလတွင်းမှာ မာဆတ်၊ KTV၊ BAR တွဲထားတဲ့စားသောက်ဆိုင်တွေ ဒါတွေကတော့ ခွင့်မပြုဘူးဆိုတဲ့ ညွှန်ကြားချက်တွေရှိပြီးသားဖြစ်ပါတယ်။ ညွှန်ကြားချက်နဲ့အညီ ကျနော်တို့ကတော့ မြေပြင်မှာကွင်းဆင်းစစ်ဆေးတဲ့ခါ တွေ့ရှိခဲ့ရင်တော့ ထိထိရောက်ရောက် ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပါတယ်။” ဟု မြစ်ကြီးနားမြို့နယ်ရဲမှူး ဦးမြင့်မိုးက ပြောသည်။

စက်တင်ဘာလ ၃ရက်နေ့ညတွင် တပ်ကုန်းရပ်ကွက်ရှိ မယ်လိုဒီ KTV ဆိုင်ကို ရှောင်သခင်ဝင်ရောက်စစ်ဆေးရာတွင် စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဆက်ဖွင့်နေသေးသည့်တွက် ဖမ်းဆီးအရေးယူထားသည်ဟု ရဲမှူးဦးမြင့်မိုးက ပြောသည်။

“မြို့ပေါ်မှာ KTV ဖွင့် မဖွင့်လိုက်စစ်ဆေးတဲ့ခါမှာ တပ်ကုန်းရပ်ကွက်၊အရှေ့မြောက်နယ်မြေမှာ ဖွင့်ထားတာတွေ့တဲ့အတွက် ဒါတွေနဲ့ပတ်သက်ပြီး ဒီ Covid ကာလမှာရောဂါတွေ ကူးမြန်တဲ့တွက်ကြောင့်မို့ KTV Bar ဆိုင်တွေမဖွင့်ဖို့ မြို့နယ်အုပ်ချုပ်ရေးကလည်း ခေါ်ယူပြီးတော့ ဝန်ခံချက်လက်မှတ်ထိုးထားတာလည်းဖြစ်တယ်။ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ၂၆ ရက်နေ့ ၆လပိုင်းတုန်းက ဆိုင်ရှင်ကိုယ်တိုင် မဖွင့်ရဘူးဆိုတာသိရှိရကြောင်း လက်မှတ်လာထိုးတာရှိတယ်။ ဒါပေမယ့် မနေ့ညလိုက်စစ်တဲ့ချိန်ကျတော့ KTV ဖွင့်ပြီး သီချင်းဆိုနေတာတွေ့တယ် အဲကြောင့်ဖမ်းဆီးခြင်းဖြစ်တယ်။” ဟု ဆက်ပြောသည်။

ဖမ်းဆီးလိုက်သည့် မယ်လိုဒီ KTV ဆိုင်ပိုင်ရှင်ကို ရမန်ယူကာ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမူ ဥပဒေ ပုဒ်မ ၂၅ အရ အရေးယူဆောင်ရွက်ထားကြောင်း ၎င်းကဆက်ပြောသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေပုဒ်မ ၂၅အရ ပြစ်မူထင်ရှားပါက ၃နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်လည်း “ယခုလို ကပ်ရောဂါကာလတွင် မလိုအပ်ဘဲ ဘာမှလည်းအရေးမကြီးဘဲနဲ့ နိုက်ကလပ်လိုတွေဟာမျိုး ကန့်သတ်ထားတဲ့ကြားကနေ ဖွင့်တာတွေဆိုရင် ဒါတွေဟာ ဘာမှလိုအပ်တဲ့ကိစ္စမဟုတ်ဘဲနဲ့ ပြည်သူပေါ်မှာရော၊ နိုင်ငံပေါ်မှာရော စေတနာအင်မတန်နည်းတယ်လို့ဘဲသတ်မှတ်တယ်။ ဒါကြောင့်မို့ ဒါတွေကို ကြပ်ကြပ်မတ်မတ်အရေးယူရန် တင်းတင်းကြပ်ကြပ်အရေးယူ အရေးယူတယ်ဆိုတာ ဒေါသစိတ်နှင့်အရေးယူခြင်းမဟုတ်ဘဲ နိုင်ငံကိုကာကွယ်သည့်စိတ်ဖြင့်သာ အရေးယူခြင်းဖြစ်တယ်။”ဟု စက်တင်ဘာလ ၂ရက်နေ့ သက်ဆိုင်ရာဌာနများနှင့် အပြန်အလှန်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

Show More

Related Articles

Back to top button