သတင်းဆောင်းပါး

ချီဖွေတောင်ပေါ်က စစ်ရှောင် မိခင်တစ်ဦး၏ ရုန်းကန်မှု

“သမီးခေါက်ဆွဲပြုတ် စားချင်လား အမေပြုတ်ပေးမယ်နော် “ဆိုပြီး ထမင်းစား စားပွဲနားမှာ ထိုင်နေသည့် သမီးငယ်ကို လှမ်း မေးကာ သမီးလေးအတွက် ဒေါ်ရယ်နောတစ်ယောက် ခေါက်ဆွဲပြုတ်ဖို့ ပြင်ပေးနေသည်။

အသားညိုညို အရပ်မနိမ့်မမြင့် အသက် (၃၂)နှစ် အရွယ်ခန့် ရှိပြီဖြစ်သည့် ဒေါ်ရယ်နော တစ်ယောက် ယခုရက်ပိုင်း သူမ သမီး လေးငယ်လေး နေမကောင်းဖြစ်နေသည့်အတွက် အပြင်ထွက်၍ပင် အလုပ်မလုပ်နိုင်ဘူးဟု ပြောပြသည်။

ယနေ့သမီးငယ်အား ပြုတ်ပေနေသည့် အသင့်စားခေါက်ဆွဲခြောက်အထုပ်ပင်လျှင် အလှူရှင်တစ်ဦးက ပေး၍ သမီးငယ်အတွက် ပြုတ်ပေးနိုင်ခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါ်ရယ်နောမိသားစုသည် လွန်ခဲ့သည့်(၆)နှစ်နီးပါးခန့်က ချီဖွေမြို့မှ ဝေးလံခေါင်ဖျားသည့် လကွမ်ကျေးရွာတွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားက တိုက်ပွဲကြောင့် ချီဖွေမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရင်း အစိုးရမှ ဖွင့် ထားပေးသည့် ချီဖွေစစ်ရှောင်စခန်းတွင် ရောက်ရှိလာကြခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာရသော်လည်း မိမိဒေသမဟုတ်သည့်အတွက် လုပ်ကိုင် စားသောက်ရန် အလွန်တစ်ရာမှ ခက်ခဲလှသည်ဟု ပြောသည်။ ဒေါ်ရယ်နောအတွက် ပိုဆိုးသည်မှာ အားကိုးရာ ခင်ပွန်းသည် လည်း ဝက်ရူးပြန်ရောဂါဖြစ်နေသည့်အပြင် အရွယ်မရောက်သေးသည့် သား၊ သမီး (၅) ဦးလည်း ရှိနေပြန်သေးသည်။

ခေတ်အခြေနေအရ သာမန်မိသားစုပင် စားဝတ်နေရေး ကြပ်တည်းချိန် စစ်ဘေးရှောင်အမျိုးသမီးဖြစ်သည့် ဒေါ်ရယ်နော အတွက် မူ မိသားစုအားလုံး စားဝတ်နေရေး၊ သား/သမီးများ၏ ပညာရေး၊ ခင်ပွန်းသည်၏ ဆေးဖိုးအတွက်ပါ ရှာဖွေနေရသည်မှာ မလွယ် ကူလှပေ။

စစ်ရှောင်များအတွက် အစိုးရမှ တစ်ဦးလျှင် တစ်လ ကျပ်နှစ်သောင်း ထောက်ပံ့ပေးသော်လည်း သား၊ သမီးတွေ အတွက် အသုံး စရိတ်ပင် လုံလောက်မူမရှိကြောင်း ပြောသည်။ ထို့အပြင် ဒေါ်ရယ်နောတို့ နေထိုင်သည့် စစ်ရှောင်စခန်းသည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် တောင်ယာလုပ်ငန်းမှအပ အခြားသော ကုန်သွယ်စီးပွားရေးလုပ်ရန် သီးနှံ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များသည် သိပ်အဆင်မပြေလှပေ။ ထို့ကြောင့် တောင်ယာလုပ်ငန်းသည် မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်ရ သည့် အလုပ်ဖြစ်တာမို့ ဒေါ်ရယ်နောသည်လည်း တောင်ယာအလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။

“နေ့စားသွားမယ်ဆိုလည်း နေ့စားကနေ့တိုင်းမရှိဘူး။ ဈေးမှာအကြော်လေးတွေ ရောင်းချင်တော့လည်း အရင်းအနှီးမရှိဘူး။ ဟင်း သီးဟင်းရွက်စိုက်ခင်း လုပ်မယ်ဆိုတော့လည်း ကျမတို့စစ်ရှောင် စခန်းမှာ မြေနေရာ အဲလောက်မကျယ်ဘူး။ ပြီးတော့ တောင် ပေါ်ဒေသသာပြောတာ တစ်ခြားနေရာတွေမှာလည်း အားလုံးကပိုင်ရှင်ရှိပြီးသား။ အဲတော့ ဘာဘဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ် လို့ရတဲ့ တောင်ယာတော့ လုပ်မှဖြစ်မယ်ဆိုပြီး သူများဆီမှာ တောင်ယာလုပ်ဖို့ အသားနားခံပြီး မြေဌားလုပ်ခဲ့တယ်” ဟု ဒေါ်ရယ်နော က ပြောသည်။

တောင်ယာအလုပ်ဆိုသည်မှာ မြေပြန့်တောင်ယာမျိုးမဟုတ်ဘဲ ပေရာချီမြင့်သည့် တောင်ကုန်းပေါ်တွင် (သို့မဟုတ်) တောင် စောင်းများတွင် စပါး၊ ပြောင်း၊ ပဲ နှင့် အခြားအသီးအနှံများ စိုက်ပျိုးရသည့် အလုပ်ဖြစ်သည်။

မတ်စောက်စောက် တောင်နှစ်တောင်ခန့်ကို တက်ပြီးမှသာ သူမစိုက်ပျိုး လုပ်ကိုင်သည့် တောင်ယာကို ရောက်သည်။ တောင်ယာ သို့ သွားရာလမ်းသည် အပျော်တမ်းတောင်တက်လမ်းများကဲ့သို့မဟုတ်ပဲ လူတစ်ယောက်သာ လမ်းလျှောက်နိုင်ရုံ ဖောက်ထား သည့် လမ်းဖြစ်ပြီး၊ နေရာအချို့တွင် တောင်တက်ရန် လမ်းပင်မရှိပေ။ အခန့်မသင့်ပါက တောင်စောင်းမှ ချော်ကျသွားနိုင်သည့် နေရာမျိုးဖြစ်သည့်အတွက် ခက်ခက်ခဲခဲ သွားရသည့် နေရာမျိုးဖြစ်သည်။

ကချင်တိုင်းရင်းသားများ၏ တောင်ယာခုတ်သည့်အလုပ်ကို အများအားဖြင့် အမျိုးသားများမှ ဦးဆောင်လုပ်ကိုင်ကြသည်။ ထိုသို့ အမျိုးသားက အဓိက ဦးဆောင်ပြီး လုပ်သည့် အလုပ်ကို ဒေါ်ရယ်နောတစ်ယောက် သူမကသာ ဦးဆောင်ပြီး လုပ်နေရသည်။ သား/သမီးများ အသက်အလွန်ငယ်သေးသည့်အတွက် သူမတွက် ကူညီဖော်မရသည့်အပြင် ခင်ပွန်းသည်လည်း ရောဂါသည် ဖြစ်နေသည့်အတွက် စစ်ရှောင်အမျိုးသမီး အိမ်ထောင်ရှင်မတစ်ယောက်နေဖြင့် အမျိုးသားအလုပ်၊ အမျိုးသမီး အလုပ်ဟု ခွဲကာ လုပ်ဆောင်ရန် အခွင့်မရှိသည့်အတွက် မိမိဖာသာ တောင်ယာလုပ်ငန်းကို တစ်ယောက်တည်း လုပ်ကိုင်ခဲ့ရကြောင်းပြောသည်။

တောင်ယာရှင်းရာတွင် အမျိုးသားများက အပင်ကြီးအပင်ငယ်များခုတ့်ပြီး အမျိုးသမီးများသည် နေပူထဲ၌ ချွေးတလုံးလုံး ပေါင်း ရှင်း၊ ပေါင်းလိုက် ပင်ပင်ပန်းပန်းလုပ်ကြသည်။ တောင်ယာစတင်ခုတ်ပါက ပထမအဆင့်အနေဖြင့် အပင်ကြီးအပင်ငယ်များကို ခုတ်၊ ထို့နောက် မီးရှို့ ရသည်။ မီးရှို့ ပြီးနောက်မှ စပါးနှင့် အခြားသီးနှံပင်များစိုက်ပျိုးရန် ပြင်ဆင်ရသည်။ အပင်စိုက်ပြီးနောက် လေးလခန့်အကြာမှသာ တစ်နှစ်စာအတွက် ရိတ်သိမ်းကြရသည်။

ဒေါ်ရယ်နောမှာ အဆိုပါ အလုပ်များ အားလုံး သူမတစ်ယောက်တည်း လုပ်ကိုင်ရ သည့် အပြင် တောင်ယာရှင်းနားချိန်တွင်လည်း တောင်ယာတဲမှာ ရှိနေသည့် သား/သမီးများနှင့် ခင်ပွန်းသည်တို့ အတွက် ထမင်း၊ ဟင်းများကို ပြန်လည်ချက်ပြုတ်ကျွေးရသည်။

“တောင်ယာလုပ်တဲ့ချိန်ဆိုင် မိုးမလင်းသေးဘူး ကျမ ထမင်းတွေ အားလုံးချက်ပြီးပြီ။ မိုးလင်းလို့ ကလေးတွေထလာတာနဲ့ ထမင်း ကျွေးခဲ့ပြီးတော့ အလုပ်ထဲတန်းဝင်တာဘဲ။ တစ်ခါဖြစ်ဖူးတယ် ကျမကတောင်ယာထဲ မြက်သွားရှင်းနေတုန်း ကလေးတွေ ငိုသံ ကြားလို့ တဲကိုပြန်လာတော့ အမေ ညီလေးကိုရှာမတွေ့ဘူးဆိုပြီး သားကြီးက ကျမကိုမြင်တော့ ငိုနေရင်းပြေးလာပြီး ပြောတယ်။ ကျမဆံပင်မွေးတွေပါ ထောင်တက်သွားတယ်။ တောင်စောင်း ဘယ်နေရာမှာများ ချော်ကျပြီးသေပြီလဲ ကျမတစ်ကယ် အရုပ်ကြိုး ပြတ်ဖြစ်သွားတယ်။ ဖြစ်ချင်တော့ ကလေးက ကျမထွက်တာမြင်လိုက်တော့ ကျမနောက်လိုက်လာတာ စပါးပင် ကွယ်ထားလို့ ကျမ မမြင်ခဲ့မိဘူး။ နောက်မှပြန်ရှာတွေ့တယ်” ဟု သူမ ကလေးပျောက်ခဲ့တုန်းက အဖြစ်အပျက်ကို သတိရမိ သွားရင်း ပျောက်ခဲ့ ဖူးသည့် သားငယ်လေးကို ပွေ့ကာ ပြုံးရင်း ပြောပြသည်။

ဒေါ်ရယ်နောသည် သူမဘဝ စိတ်ဓါတ်ကျစရာများသာ ကြုံတွေ့နေရသည့် အတွက် လောကဓံကို ခံနိုင်ရည်စွမ်းမရှိလာကြောင်း ပြောပြသည်။ သို့သော်သူမတွင် အရွယ်မရောက်သေးသည့် သား/သမီးများ မျက်နှာကြောင့် ယခုအချိန်ထိ ရုန်းကန်နေခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါ်ရယ်နော၏ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကလည်း ရှိနေပြန်သေးသည်။

“ဆန္ဒတစ်ခုက စိတ်ချမ်းသာသာနဲ့နေချင်တယ်။ အရမ်းကြီးခမ်းနားစရာမလိုပါ။ လုံခြုံတယ် အစားအသောက် အလုံအလောက် ရှိရင် ကျေနပ်တယ်။ အခု ကျမက ကလေးတွေအတွက် ကျောင်းနေဖို့အတွက်ရော၊ အဝတ်အစားလှလှလေးတွေရော ဝယ်ပေး ချင်တယ်။ သူများကလေးတွေနဲ့ တူအောင်ထားချင်တယ်” ဟု ၎င်း၏ ဆန္ဒကို ပြောသည်။

ချီဖွေစစ်ရှောင်စခန်းမှ လှမ်းကြည့်လိုက်မည်ဆိုပါက မြူများဆိုင်းနေသည့်  တောင်တန်းကြီးများက ရင်သပ်ရူမောစရာ ကောင်း လွန်း လှသည်။ ထိုသို့ တောင်တန်းများ ဝိုင်းကာထားပြီး ရူခင်းများ မည်သို့ပင်လှနေစေကာမူ   မပျော်ရွှင်နိုင်၊ မသာယာနိုင်၊ ရင်ထဲက အပူမီးများနှင့် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည့် ဒေါ်ရယ်နောကဲ့သို့၊ ဒေါ်ရယ်နောထက် ပိုမိုခက်ခဲသည့် စစ်ရှောင်အမျိုးသမီးများစွာ ကချင်ပြည်နယ်အတွင်း ရှိနေကြသည်။

ထရံကာ၊ သွပ်မိုးနှင့် ဟောင်းနွမ်းနေပြီဖြစ်သည့် အိမ်တန်းလျား၏ အခန်းတိုင်း၊ အခန်းတိုင်းရှိ အမျိုးသမီးများသည် ၉ ပေ ပတ် လည်သာ ခန့်ရှိသည့် မီးဖိုချောင်မှာ မိသားစုအတွက် ထမင်း၊ ဟင်း ချက်ပြုတ်နေကြသည်။

အရောင်လွှင့်နေသည့် အဝတ်ခပ်နွမ်းနွမ်း ဝတ်ဆင်ထားသူ အသက် ၄၅ နှစ် အရွယ်ခန့်ရှိသည့် ဒေါ်ခေါင်နန်းတစ်ယောက်လည်း  ၉ ပေ ပတ်လည်ခန့်ရှိသည့် အခန်းတွင် ထမင်းချက်နေသည်။

“ဒီစစ်ရှောင်စခန်းကို ရောက်တာ ၇နှစ်လောက်တော့ရှိပြီ။ စစ်ရှောင်စခန်းရောက်ပြီးနောက်မှာ ကျမခင်ပွန်းက ဆိုင်ကယ် အက်စီး ဒင့်ဖြစ်ပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ်။ ကျမကဘဲ ဦးဆောင်နေရတာပါ။ ဒါပေမယ့် ကျမတော့ သူ့(ဒေါ်ရယ်နော) လောက် မခက်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကလေးက နှစ်ယောက်ထဲရှိတာလေ။ ကလေးနှစ်ယောက်ကလည်း ကြီးပြီဆိုတော့ သူက ပိုခက်တယ်။ သူတစ်ရက်တစ်လေ နေ့စားသွားတဲ့ရက်မျိုးဆို သူအိမ်ပြန်လာတာ နောက်ကျတဲ့ချိန်ဆို သူ့အမျိုးသားက စိုးရိမ်လို့ သူ့ကို တစ်နေရာပြီး တစ်နေရာလိုက်ရှာတတ်တယ်။ သနားလည်း သနားစရာကြီး။ သူ့မိန်းမက သူ့ကို စိတ်ဓါတ်ကျလို့ ဘယ်နေရာမှာများ သွားသေနေပြီလဲ မသိဘူးဆိုပြီး လိုက်ရှာတတ်တယ်” ဟု စခန်းတစ်ခုတည်းတွင်နေသည့် ဒေါ်ခေါင်နန်းက ဒေါ်ရယ်နော၏ မိသားစုအကြောင်း ပြောပြသည်။

၂၀၁၁ ခုနှစ်က တကျော့ပြန်ဖြစ်ပွားလာခဲ့သည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားက တိုက်ပွဲများ ကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်စစ်ဘေးရှောင် ၁သိန်း ၂သောင်းကျော် ရှိသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ် (KBC)က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ကချင်စစ်ရှောင် တစ်သိန်းနှစ်သောင်းကျော်ရှိသည့်အနက် အမျိုးသမီးမှာ ထက်ဝက်ကျော်သည်။

နမ္မတီး စစ်ရှောင်စခန်းက ဒေါ်ဘောက်မိုင် က လည်း ၎င်းတို့ မိသားစုကြုံနေရသည့် အခြေအနေနှင့် ပတ်သက်၍ “အခုလက်ရှိက ကျမကလေးတွေလည်း အာဟာရချို့တဲ့နေတယ်လို့ ခံစား ရတယ်။ မျှတစွာလည်း မကျွေးနိုင်ဘူးလေ။ ပိုက်ဆံလည်းမရှိဘူး။ ယောက်ကျားကလည်း ပိုက်ဆံက ရှာရလည်း ခက်တယ် ဆိုတော့ အခုလောလောဆယ် စားဝတ်နေရေးမှာ အခက်အခဲ ရှိနေ တယ်။ ကလေးတွေအတွက် ကြက်ဥလောက်ပဲတတ်နိုင်တယ်။ ကြက်ဥတို့၊ ပဲတို့ပေါ့။ ကျမတို့ အစ စစ်ရှောင်လာတဲ့အချိန်ဆို ကူညီမယ့်လူတွေလည်းရှိတယ်လေနော်။ နောက်တော့ နောက်တော့ ကူညီမယ့်လူလည်း မရှိဘူးလေနော်” ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်အမျိုးသမီးများအနေဖြင့် ခွဲခြားဆက်ဆံခံရသည့် အခြေအနေများလည်း ကြုံရသည်ဟု ပြောသည်။

“ကျမတို့ ရွာထဲကို သွားလည်လိုက်ရင်လေ သူတို့က စစ်ရှောင်ကအဲ့လိုမျိုး အမြဲအနှိမ်ခံရတယ်။ တစ်နေရာရာကိုသွားရင်လည်း သူတို့က အိမ်မရှိဘူး၊ အကျီတွေဝတ်ရင်လည်း ဒါက စစ်ရှောင်မှာပေးတဲ့ အကျီလေ အဲ့လိုမျိုး အမျိုးမျိုးပြောခံရတယ်။ ကလေး တွေလည်း မျက်နှာက တော်တော်ငယ်တယ်။ ဆွေးမျိုးတွေရဲ့ လူမှုရေးကိစ္စသွားရင်လည်း ကိုယ်က စစ်ရှောင်ကဆိုတဲ့စကားကို မပြောချင်ဘူး။ အားငယ်တယ်။ အဲ့လိုမျိုး စိတ်ထဲမှာ အရမ်းမပျော်ဘူး တချိန်ချိန်တော့ အိမ်ပြန်ရမှာပါလို့ပဲ ယုံကြည်ထားတယ်” ဟု ဒေါ်ဘောက်မိုင် က ငိုရင်းပြောသည်။

ဒေါ်ရယ်နော၊ ဒေါ်ခေါင်နန်း၊ ဒေါ်ဘောက်မိုင်တို့အပြင် ကချင်စစ်ရှောင်အမျိုးသမီးများသည် စစ်ရှောင်စခန်းများတွင် ကြာမြင့်စွာ နေထိုင်လာရမှု၊ စားနပ်ရိက္ခာထောက်ပံ့မှုများ လျော့ချလာခြင်း၊ နေရပ်ပြန်ရန် လုံခြုံမှု မရှိသေးခြင်း နှင့် ကလေးများ၏ အနာဂတ်မဲ့ လာခြင်းများကြောင့် အများစုမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျာလည်း ရှိလာနေသည်ဟု စစ်ရှောင်အရေး လှုပ်ရှားနေသူများက ပြောသည်။

“ကျမတို့အတွက် ဆုံးရှုံးမှုလို့ကြည့်လိုက်တဲ့အချိန်မှာ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ လူမှုရေး၊ အခန်းကဏ္ဍတိုင်းမှာပါပဲ။ ကလေးတွေလည်း ကျောင်းထွက်နှုန်းတွေ အရမ်းများလာတယ်။ လူငယ်တွေဆိုရင် အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့အတွက် ကြောင့် ခက်ခဲဆုံးရှုံးမှုတွေဖြစ်လာတယ်။ လူကြီးတွေလည်း အထူးသဖြင့် အသက်ကြီးပိုင်းတွေလည်း ကျန်းမာရေးစောင့်ရှောက်မှု တွေမရဘူး။ ပြီးတော့ နိုင်ငံတကာရဲ့ ထောက်ပံံ့မှုကလည်း ဖြတ်တောက်မှုတွေ ခံထားရတယ်။ အရင်ကဆိုရင် အစားအသောက် က အစ ထောက်ပံ့ပမှုရခဲ့တယ် အခုက မရတော့ဘူး” ဟု လက်ရှိ စစ်ရှောင်များ၏ အခြေအနေနှင့် ပတ်သက်၍ ကချင်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ စစ်ရှောင်လူငယ်လည်းဖြစ်သည့် ဆိုင်းနူးပန်က ပြောသည်။

ထို့ကြောင့် “အခုကငွေပဲ တစ်လကို တစ်သောင်းနှစ်ထောင်ပေးတယ်။ တစ်ရက်ကို တွက်လိုက်တော့ ၂၀၀ ပေါ့၊ ဆိုတော့ လူတစ် ယောက်ရဲ့ ဘဝအတွက် တစ်ရက်ကို နှစ်ရာဆိုတာ လုံလောက်ဖို့ စိန်ခေါ်မှုဖြစ်နေရတယ်။ အဲ့တော့ အိမ်မှာ အဓိကဖြစ်တဲ့ အမျိုး သမီးတွေ စီမံခန့်ခွဲတဲ့အခါ အရမ်းခက်ခဲတယ်၊ တော်တော်များများက စားဝတ်နေရေးအဆင်မပြေ၊ ပြန်လို့မရတဲ့ အနေအထားမှာ အမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ စိတ်ဓါတ်ကျနေတာတွေလည်း အရမ်းများတယ်။ သူတို့ကို ပြန်ပြီး ကုစားမယ့်နေရာလည်း မရှိဘူး” ဟု ဆိုင်းနူးပန် က ဆက်ပြောသည်။

ပဋိပက္ခများကြောင့် အမျိုးသမီးများအပေါ် သက်ရောက်နေသည့် ထိခိုက်မှုများကို ကိုယ်တွယ်ဖြေရှင်းပေးတဲ့ ယန္တယားများ မရှိခြင်း၊ အားနည်းနေသေးခြင်းများကြောင့်လည်း စစ်ရှောင်အမျိုးသမီးများပေါ် ထိခိုက်နစ်နာမှုများက ပိုများနေသည်ဟု ထောက်ပြမှုများလည်း ရှိနေသည်။

ထို့ကြောင့် “ကျမတို့ စစ်ပဋိပက္ခကြားထဲမှာ ဒုက္ခခံရတဲ့ ကျူးလွန်ချိုး ဖောက်ခံရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ထင်ဟပ်မှု မဖြစ်ဘူးပေါ့နော်။ ဒါတွေကို ဖြေရှင်းဖို့အတွက် မရှိဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင် နှုန်းက ဒေသတွေက စစ်ပဋိပက္ခနဲ့ မကင်းတဲ့ ဒေသတွေဖြစ်တယ်။ ဆိုတော့ ဒါတွေကို ကျမတို့ ဖြေရှင်းတဲ့ အချိန်မှာ ဒါက လုံ လောက်မှု မရှိဘူးဆိုတာလည်း ကျမတို့ သွားတွေ့ရတယ်ပေါ့နော။ အဲဒါကြောင့်မို့လို့ အစိုးရရဲ့ ပေါ်လစီ ပလန်တွေမှာ လုပ်ဆောင် ချက်တွေမှာ လက်တွေ့ လုပ်ဆောင်ချက်တွေမှာ ဒီ စစ်ပဋိပက္ခဒေသတွေရဲ့ အကျိုးကိုပေါ့နော် ပေါ်လစီတို့ ဥပဒေတို့ကို ပြုသင့် တယ်ဆိုတာကိုလည်း ကျမတို့ က calling လုပ်ချင်တယ်ပေါ့နော်” ဟု ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တိုက်တွန်းပြောဆိုလိုက်သည်။

Show More

Related Articles

Back to top button