Covid-19 Reportingစစ်ပြေးဒုက္ခသည်များသတင်း

မြစ်ကြီးနားစစ်ရှောင်စခန်းတစ်ခုတွင် ကိုဗစ်ပိုးတွေ့၊ ထိတွေ့ဆက်စပ်ခဲ့သူများကို စစ်ဆေးနေ

မြစ်ကြီးနားရှိ စစ်ရှောင်စခန်းတစ်ခုတွင် ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံရသူထွက်ပေါ်ခဲ့ပြီး ခရီးသွားရာဇဝင်မရှိခြင်းသောကြောင့် မြို့တွင်းကူးစက်မှုသာဖြစ်သည်ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ပလန နယ်မြေ စိန်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းတွင် အသက် ၁၅နှစ်အရွယ် လူငယ်ယောကျာ်းလေး တစ်ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့မှုနှင့်ပတ်သက်ပြီး နောင်းနန်အုပ်ချုပ်ရေးမှူး ဦး Ze Hkawng က ယခုလို ပြောဆိုသည်။

“သေသေချာချာတော့ မသိရသေးဘူး။ သူ့ကွင်းဆက်တွေကို စစ်ဆေးနေတယ်။ အခုပိုးတွေ့ခဲ့တဲ့သူက အရင်တုန်းကတော့ တောင်ပေါ်မှာ ရွှေသွားလုပ်တယ်ပေါ့။ အခု ခရစ္စမတ်ရောက်လာတဲ့ နောက်ပိုင်းမှ ဒီကိုပြန်လာတာပေါ့။ သူပြောဆိုချက်အရဆိုရင် မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ တည်းခိုခန်းတွေမှာ လိုက်အိပ်တယ်လို့ သိရတယ်။ အခုခရစ္စမတ်ပွဲတွေ ပြီးသွားမှ ဒီရက်အတွင်းမှာဘဲ သူရွှေလုပ်တဲ့ နေရာကိုပြန်သွားတယ်။ အဲ့ဒီကိုသွားတဲ့ လမ်းမှာ ကိုဗစ်ရောဂါစစ်ဆေးတဲ့အဖွဲ့ စစ်လိုက်တော့ ရောဂါပိုးတွေ့တယ်။ အဲ့ကြောင့် ဒီကိုပြန်ခေါက်ခိုင်းလိုက်တယ်လို့သိရတယ်” ဟု ပြောသည်။

ကိုဗစ်ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားမှာ လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစု ၄ဦးကို Quarantine Center တွင်ထားရှိထားကြောင်းသိရသည်။

လက်ရှိ အဆိုပါ စစ်ရှောင်စခန်းကို အသွားအလာကန့်သတ်မှုပြုလုပ်ထားပြီး ပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သည့် သံသယလူနာ အယောက် ၅၀ခန့်ကိုလည်း ယနေ့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သွားမည်ဟု ဦး Ze Hkawng က ပြောသည်။

ပလန စိန်ဂျိုးဇက် စစ်ရှောင်စခန်းတွင် အဆောင်(၁)နှင့်(၂) ရှိသည့်အနက် ယခုပိုးတွေ့သူမှာ အဆောင် ၂ မှ ဖြစ်သောကြောင့် ထိုအဆောင်မှ လူဦးရေ ၁၀၀ကျော်ကိုအသွားအလာကန့်သတ်ထားသည်ဟု သိရသည်။

မြစ်ကြီးနားတွင် လူဦးရေ ထူထပ်သိပ်သည်းစွာခိုလှုံနေသော စစ်ရှောင်စခန်းများစွာရှိသည့်အနက် ယခု ပလန စစ်ရှောင်စခန်းသည် ပထမဆုံး ပိုးတွေ့လူနာထွက်ပေါ်ခဲ့သော စခန်းဖြစ်သည်။

Show More

Related Articles

Back to top button