သတင်း

ဦးဒရှီလဆိုင်းအမှု စစ်ဆေးတော့မည်ဖြစ်သော်လည်း ရှေ့နေဖြင့် တွေ့ခွင့်မရသေး

သယံဇာတဝန်ကြီးဦးဒါရှီလဆိုင်းကို တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ အာမခံပေးရန် လျှောက်ထားသည့်အပေါ် မြစ်ကြီးနားမြို့နယ် တရားရုံးက ငြင်းပယ်လိုက်သည်ဟု သိရသည်။

မတ်လ ၅ရက်နေ့ ဒုတိယအကြိမ် အမှုနှင့်ပတ်သက်ပြီး စီမံခန့်ခွဲမှု အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့်ပြုလုပ်ခဲ့ပြီး စွပ်စွဲခံရသူကို ၎င်း၏ ရှေ့နေများဖြင့်တွေ့ဆုံခွင့်တောင်းဆိုရာ မအောင်မြင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးက ယခုလိုပြောဆိုထားသည်။

“ကျနော်တို့ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုဘက် စတင်စစ်ဆေးမှုမပြုလုပ်သေးခင် ဦးဒရှီလဆိုင်းနဲ့အရင်တွေ့ ခွင့်တောင်းတယ်။ ဒါပေမယ့်အခုချိန်ထိ ကိုဗစ်စည်းကမ်းနဲ့ဆိုပြီးတွေ့ခွင့်မပေးသေးဘူး။ အဲ့ဒါကို သူတို့က လာမယ့် မတ်လ ၉ရက်နေ့ကစပြီး တရားလိုဘက်စတင်စစ်ဆေးဖို့လုပ်နေပြီ။ ဒါကိုကျတို့ကသဘောမတူခဲ့ဘူး။ အဲ့ကြောင့် အချက် ၂ချက်နဲ့တင်ပြထားတယ်။ စွပ်စွဲခံရသူနဲ့ ရှေနေအကြံပေးတွေကို တွေ့ခွင့်ပေးဖို့၊ ရုံးထုတ်ပေးဖို့ပေါ့။ နောက်ပြီး ဦးဒါရှီလဆိုင်းအတွက်အာမခံလျှောက်တယ်။ ဒါပေမယ့်ခွင့်မပြုခဲ့ဘူး”ဟု ပြောဆိုသည်။

တရာစွဲဆိုခံရသည့် ဦးဒရှီလဆိုင်းနှင့်သူ၏ အမှုလိုက်ပါဆောင်ရွက်ပေးသော ရှေ့နေတို့ကို တွေ့ခွင့်မပေးသည့်အပြင် ရုံးထုတ်စစ်ဆေးမှု မပြုလုပ်သည့်အတွက် လာမည့် မတ်လ ၉ရက်နေ့ တရားလိုဘက်စတင်စစ်ဆေးမည့်အပေါ် သဘောမတူသောကြောင့် မှုခင်းစီမံခန့်ခွဲမှု ပုံစံနောက်ဆက်တွဲ(က)၊ (၁)မှာ စွပ်စွဲခံရသည့်ဘက်က ရှေ့နေများ လက်မှတ်ရေးထိုးရမည်ဖြစ်သော်လည်း မထိုးနိုင်သေးကြောင်းတင်ပြခဲ့သည်ဟု သိရသည်။

ထို့ကြောင့်လာမည့် မတ်လ ၉ရက်နေ့ရုံးချိန်တွင် ဦးဒရှီလဆိုင်းနှင့် တွေ့ဆုံညှိနှိုင်းခွင့်နှင့် ရုံးထုတ်စစ်ဆေးပေးပါက မှုခင်းစီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ လက်မှတ်ရေးထိုးကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဦးသက်ထွန်းဦးက ဆက်ဆိုခဲ့သည်။

မှုခင်းစီမံခန့်ခွဲညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် မတ်လ ၉ရက်နေ့မှစ၍ တရားလိုဘက်မှ တင်ပြထားသည့် သက်သေ ၅ဦးက ယခုအတွင်းအပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းခံရပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းများကို အရပ်သားအစိုးရတက်လာသည့်အထိ ရုံးပိတ်ရက်သတ်မှတ်ကြောင်း ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးဦးဒါရှီလဆိုင်းက လက်မှတ်ရေးထိုးခဲ့သေားကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။ ဦးဒါရှီလဆိုင်းကို လက်ရှိတွင်မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

ဝန်ကြီးဒရှီလဆိုင်းကို တရားစွဲဆိုထားသူမှာ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးမင်းရန်နိုင်ဖြစ်ပြီး သက်သေများမှာလည်း အထွေထွေ ဦးစီးဌာနမှဖြစ်ကာ အမှုကို ၃လအတွင်းအပြီးသတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

ဦးဒရှီလဆိုင်းမှာ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ရက်နေ့နံနက်ပိုင်းတွင် အဖမ်းခံခဲ့ရပြီးနောက် ပြည်လည်လွှတ်မြောက်လာပြီးဖြစ်ကာ ဖေဖော်ဝါရီလ ၉ရက်နေ့ညက ဒုတိယအကြိမ်ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button