သတင်း

လီဆူအနုပညာရှင် ယောတီဖာကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေး

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ည ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင် ယောတီဖာကို မည်သည့်နေရာတွင်ဖမ်းချုပ်ထားကြောင်း မသိရသေးဘူးဟု လီဆူလူငယ်များထံမှ သိရသည်။

“ကျနော်တို့နဲ့ရင်းနှီးတဲ့ လီဆူလူမျိုးထဲက ခေါင်းဆောင်တွေတစ်ချို့အရပ်ဘက်အဖွဲ့က စုံစမ်းခိုင်းတဲ့ချိန်တော့လည်း မြောက်ပိုင်းတိုင်းကလည်း သူတို့မဖမ်းဘူး၊ ရဲကိုသွားမေးတော့ သူတို့မသိဘူးဘဲပြောတယ် နောက်ပိုင်းကျတော့ ထောက်လှမ်းရေးအဖွဲ့တွေ ထိန်းသိမ်းတယ်လို့ပြောတယ်။ ဘာလို့လဲဆိုတော့ ယောတီဖာကတော့ NLDအောင်နိုင်ရေး စကတည်းက အနုပညာနည်းလမ်းအရကော၊ပြီးခဲ့တဲ့ ပူတာအိုမှာဆန္ဒထုတ်ဖော်ပွဲတွေမှာကော ပါဝင်ပတ်သက်ခဲ့လို့ထင်တယ်။” ဟု လူငယ်တစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့်ည နောက်ရက်တွင် KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ မျက်မြင်တစ်ဦး၏ တွေ့ရှိချက်အရ ယောတီဖာအား လာရောက်ဖမ်းဆီးချိန်တွင် စစ်သားဝတ်စုံဝတ်ဆင်ထားသူတစ်ဦးနှင့် အရပ်ဝတ်လူအချို့တို့မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော် လက်ရှိချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ရဲတပ်ဖွဲ့သို့မေးမြန်းရာ ၎င်းတို့မှဖမ်းဆီးထားခြင်းမရှိကြောင်းပြောသည်ဟု အမည်မဖော်လိုသူ ယင်းအမူအားလိုက်ပါကူညီဆောင်ရွက်ပေးနေသည့် လူငယ်တစ်ဦးကဆိုသည်။

ဖမ်းဆီးခံထားရသည့် လီဆူအနုပညာရှင်ပြန်လည်လွှတ်မြောက်လာရန် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG၊ ကချင်ပြည်နယ်ရှေ့နေများအသင်းတို့ထံ တောင်းဆိုထားကြောင်းလည်း သိရသည်။

လီဆူအနုပညာရှင် ယောတီဖာအား ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၁၂ နာရီဝန်းကျင်တွင် ရမ်ပူရပ်ကွက် နယ်မြေ ၂၄ ၎င်း၏ နေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့ထိ တစ်ပတ်ခန့်ရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button