သတင်း

စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသော ပူတာအိုလူငယ် ၅ ဦးပြန်လည်လွတ်မြောက်

ပူတာအို စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ထုတ်ရာပါဝင်သဖြင့် ဖမ်းဆီးခံရသော လူငယ် ၅ဦး မတ်လ ၄ ရက်နေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။

ရက်ပေါင်း ၂ ပတ်အကြာ ဖမ်းဆီးခံရပြီးနောက် လူငယ်၅ဦးကို အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄၊ အသေရေဖျက်မှု ပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှု ၁၇/၁စသော ပုဒ်မ ၃ခုစီဖြင့်တရားစွဲဆိုထားသော်လည်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးသဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အရင်ညှိနှိုင်းခဲ့တယ်။ ဒီကနေ့တော့ တရားရုံးမှာ တစ်ရက်ထဲနဲ့ အပြီးဆောင်ရွက်ပေးခဲ့တယ်။ သူတို့ကို စွဲဆိုထားတဲ့ပုဒ်မတွေကိုလည်း ဖြုတ်ပေးလိုက်တယ်။ သဘာဝပတ်ဝန်းကျင်နှင့်အားကစားဝန်ကြီးကနေတဆင့်ချမှတ်ပေးလိုက်တဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ပုဒ်မ ၂၉နဲ့ပြန်ပြီး ချက်မှတ်ပေးလိုက်တယ်”ဟု စစ်ကောင်စီညှိနှိုင်းရေးအဖွဲ့တွင်ပါဝင်သော ဒေါ်ဘောက်ဂျာကပြောဆိုသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးပုဒ်မ ၂၉ အရ ထောင်ဒဏ် ၆လဖြစ်စေ၊ သို့မဟုတ် ငွေဒဏ်တစ်သိန်းချမှတ်နိုင် သည့်အတွက် လူငယ် ၅ဦးနှင့်ပတ်သက်ပြီး ငွေဒဏ်တစ်သိန်းစီဖြင့် တရားရုံးတွင်အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

လွတ်မြောက်လာသည့် လူငယ် ၅ ဦးအနေဖြင့် နိုင်ငံသားတိုင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်တာဖြစ်သည့်အတွက် ပြည်သူလူထုများနှင့်အတူ နိုင်ငံရေးလှုပ်ရှားများတွင် ဆက်လက်ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“အဓိကတော့ လက်ရှိနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တယ်။ ဒါကြောင့် ကျနော်တို့လည်းပါဝင်ခဲ့ခြင်းဖြစ်တယ်။ ကျနော်တို့ကလည်း ပြည်သူထုလူတွေလည်း လွတ်လပ်မှုနဲ့ ဆန္ဒဖော်ထုတ်နေတာဖြစ်တယ်။ အားလုံးလည်းပါဝင်ရမယ့်အရေးဖြစ်တယ်။ ဒါကြောင့် ဒီလိုလှုပ်ရှားမှုတွေမှာက ဆက်လက်ပါဝင်သွားမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မတရားမှုကိုတွန်းလှန်နေတဲ့ အရာဖြစ်တယ်။ ပြီးရင်အမှန်တရာကိုချစ်မြတ်နိုးတာဖြစ်တဲ့အတွက် နိုင်ငံတည်ငြိမ်တဲ့အထိဆက်လက်ပါဝင်သွားမယ်”ဟု လွတ်မြောက်လာအထဲမှ ကိုရမ်ဆိုင်းက ပြောသည်။

ဖမ်းဆီးခံရပြီး လွှတ်မြောက်လာသည့် လူငယ် ၅ဦးမှာ ကိုမလောင်ဖေနှောင်းအောင်၊ ကိုရမ်ဆိုင်း၊ ကိုအောင်ဒီး၊ ကိုဆင်ဝါး၊ ကိုဖီနန်တို့ဖြစ်ကြသည်။

ပူတာအိုမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရာတွင် CDM အဖြစ်ပါဝင်ခဲ့သည့် ဌာနဆိုင်ရာအသီးသီးမှ အစိုးရဝန်ထမ်းများ ၅၀ခန့်ရှိနေပြီး ၎င်းတို့မှာလည်းလက်ရှိအချိန် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရန် ဝရမ်းထုတ်ထားသူများရှိသည့်အတွက် ဖမ်းဆီးခြင်းမပြုရန် စစ်ကောင်စီအဖွဲ့က ဖွဲ့ထားသော ညှိနှိုင်းရေးအဖွဲ့က တင်ပြထားကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

Show More

Related Articles

Back to top button