သတင်း

ဗန်းမော်မှ ဖမ်းဆီးခံရသူတစ်ဦးကို တရားစွဲဆိုထားမှု နောက်တပတ်ရုံးထုတ်မည်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် ဗန်းမော်မြို့တွင် ဖမ်းဆီးခံထားရသည့် ကိုဖိုးညီအား မတ်လ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဗန်းမော်ဒေသခံလူငယ်များထံမှ သိရသည်။

“ကိုဖိုးညီကို ရမန်ယူထားပြီ ပြီးတော့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတယ်လို့ သိရတယ်။ သူ့ကိုဖမ်းပြီးတော့ ခံဝန်ကတိနဲ့ပြန်လွှတ်မယ်ထင်ခဲ့တာ သူ့ကိုစဖမ်းတဲ့နေ့လည်း ဝန်းရံမယ့်အချိန်မရလိုက်ဘူး ဖမ်းပြီး ၁နာရီလောက်ဆို အကျဉ်းထောင်ကို ပို့လိုက်ကြတော့ ဘယ်လိုမှမဝန်းရံနိုင်ခဲ့ဘူး။”ဆိုပြီး ဗန်းမော်ဒေသခံလူငယ် ကိုမင်းမင်းထက်ကပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုဖိုးညီသည် မတ်လ ၈ရက်နေ့ သပိတ်စစ်ကြောင်း ရုတ်သိမ်းပြီးနောက် အကင်ဝယ်ရန်ဆိုင်သို့ ဝင်ရောက်ချိန်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံလူငယ်များကပြောသည်။

ကိုဖိုးညီဖမ်းဆီးခံရသည့် မတ်လ ၈ရက်နေ့တွင် ကိုဖိုးညီနှင့်အတူ လူငယ် ၃ဦး စုစုပေါင်း ၄ဦးဖမ်းဆီးခံရသော်လည်း ကျန်လူငယ် ၃ဦးသည် ခံဝန်ကတိဖြင့်ပြန်လည်လွှတ်မြောက်လာသည်။

ဗန်းမော်မြို့တွင် စစ်အာဏာသိမ်းပြီး‌နောက် ဖေဖော်ဝါရီ ၈ရက်နေ့မှစကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မတ်လ ၈ရက်နေ့တွင် ဆနပြပြည်သူအချို့ ပထမဆုံး ဖမ်းဆီးခြင်းခံ ခဲ့ရသည်။

“ဒီတစ်ယောက် ဖမ်းပြလိုက်ရင် လူငယ်တွေငြိမ်သွားမယ်ထင်နေလား မသိဘူး။ ခုဆို တစ်ရက်ထက်တစ်ရက် လူငယ်တွေက ပိုများလာတယ်။ ကျနော်တို့လူငယ်တွေက ဒီတိုက်ပွဲနိုင်အောင် တိုက်သွားမှာဖြစ်တယ်။ အပြစ်မရှိ အေးချမ်းစွာဆနထုတ်ဖော်နေတဲ့ပြည်သူတွေကို မတရားဖမ်းဆီးခံရတာ လုံးဝသည်းမခံနိုင်ဘူး။” ဟု ဗန်းမော်လူငယ်တစ်ဦးကပြောသည်။

ဗန်းမော်မြို့တွင် မတ်လ ၈ရက်နောက် နောက်ပိုင်း နေ့စဉ်ဖမ်းခံရသည့်ပြည်သူများရှိနေပြီး ကိုဖိုးညီမှလွှဲကာ အားလုံးသည်ခံဝန်ကတိဖြင့်ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။

Show More

Related Articles

Back to top button