ခေါင်လန်ဖူးဘက်ကို စစ်တပ်က လေကြောင်းနဲ့ အင်အားဆက်ဖြည့်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ဘက်ကို ပူတာအိုအခြေစိုက် ခ.လ.ရ ၄၆ တပ်ကနေ ရဟတ်ယာဉ်နဲ့ လူအင်အား၊ လက်နက်ခဲယမ်းတွေ ပုံမှန်ပို့ပြီး စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မြန်မာ–တရုတ်နယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို လက်ရှိချိန်ထိလည်း နှစ်ဖက်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က ပူတာအိုဘက်ကနေ ခေါင်လန်ဖူးဘက်ကို ရဟတ်ယာဉ်နဲ့ လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ပို့နေတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက KNG ကို ပြောပါတယ်။
“နေ့လည် ၁၂ နာရီလောက်ဆို တစ်ခါသွားတယ်။ ပြန်လာပြီး ညပိုင်း ၃ နာရီခွဲ၊ ၄ နာရီလောက်တစ်ခါ ပြန်သွားတယ်။ မှတ်တိုင် ၃၁ ဘက်က ဟတ်ယာဉ်ကွင်းပါသွားတဲ့နောက်က နေ့တိုင်းလိုလို သွားပို့နေတာ။ လူကော၊ ခဲယမ်းတွေကော ပို့တယ်လို့ ကြားတယ်” လို့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
ခေါင်လန်ဖူးမြို့နယ်မှာ ရှေ့တန်းတပ်တွေကို ထောက်ပို့လုပ်ရာမှာ အသုံးပြုနေတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၉ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် ပူတာအို ခ.လ.ရ ၄၆ တပ်ကနေ ခေါင်လန်ဖူးမြို့ဘက်ကို တစ်နေ့ တစ်ကြိမ်ကနေ နှစ်ကြိမ်အထိ ရဟတ်ယာဉ်နဲ့ အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မှတ်တိုင်၃၁ဘက်ကိုအင်အားကောလက်နက်ခဲယမ်းကောအင်အားဖြည့်နေတာဟုတ်တယ်။အခုကခေါင်လန်ဖူးမြို့ထဲအထိပဲ။အဲ့ကနေတဆင့်တော့လူနဲ့ပြန်သယ်တယ်။စစ်သားတွေလည်းပါတယ်။လက်နက်ခဲယမ်းကတော့သေတ္တာနဲ့ဆိုတော့ ဘာတွေပါလဲတော့ မသိဘူးဗျ။ လက်နက်ကြီးကျည်တွေလည်း မနည်းဘူး ပို့တယ်” လို့ ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီရဟတ်ယာဉ်ကွင်းပါ တပ်စခန်းကုန်း လက်လွတ်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မှတ်တိုင် ၃၁ ဘက်ကို အင်အားသုံး ထိုးစစ်ဆင်နေတယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်ဘဲ ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“စကစတွေဘက်ကတော့ အင်နဲ့အားနဲ့ ထိုးစစ်ဆင်နေတယ်။ နေ့တိုင်းလိုလိုလည်း တိုက်ပွဲဖြစ်တယ်။ မှတ်တိုင် ၃၁ ဘက်က တောင်ကြားတွေမှာ ဖြစ်နေတာ။ ဒီဘက် KIA ပူးပေါင်းတပ်က လက်ဦးမှုရထားတော့ သူတို့ပဲ အထိနာတယ်။ သုံ့ပန်းတွေလည်း ပြည်သူ့စစ်ကလေးတွေပဲ ဖမ်းထားတာ မနည်းဘူး။ လုံခြုံရေးအရ အတိအကျကတော့ ပြောလို့မရဘူးဗျ” လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်း မှတ်တိုင် ၃၁ အနီး တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်တွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားသလို စစ်သုံ့ပန်းတွေလည်း အများအပြား ဖမ်းဆီးရမိထားတယ်လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးဘက်က ဆိုပါတယ်။
စစ်တပ်ဘက်က လက်လွှတ်လိုက်ရတဲ့ ရဟတ်ယာဉ်ကွင်းပါတဲ့ တပ်စခန်းကုန်းကို ပြန်ရဖို့ စစ်သားအင်အားနဲ့ ထောက်ပို့အင်အား လိုအပ်နေတဲ့အတွက် စက်တင်ဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေထဲက လူငယ်တွေကို ဖမ်းဆီးစုဆောင်းခဲ့ရာမှာ လူငယ် ၂၀၀ ကျော် ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူငယ်တွေအများကြီးပါသွားတယ်။ ရွှေမှော်ထဲကနဲ့ ရွာဘက်တွေက လူငယ်တွေ ရာနဲ့ချီပါသွားတယ်။ တချို့က ခေါင်လန်ဖူးရှေ့တန်းမှာ သုံးဖို့ဆိုပြီး စစ်သင်တန်းအတွက် အောင်ပိုင်းပို့ထားတယ်လို့ ကြားတယ်။ တချို့လူငယ်တွေကတော့ ထောက်ပို့အတွက်ဆိုပြီး ခေါင်လန်ဖူးဘက်ကို ပို့လိုက်ပြီ။ ရဟတ်ယာဉ်နဲ့” လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဆော့လော်မြို့နယ်ဘက်ကနေတဆင့် ခေါင်လန်ဖူးမြို့နယ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို ဇွန်လကတည်းက ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်အတွင်းအထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ လက်ရှိ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ခေါင်လန်ဖူး–လန်ဆယ်လမ်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။
ဇွန်လလောက်ကစပြီး လာဟီဆင်ဘက်က ထိုးစစ်ကို ရပ်ကာ မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို အဓိကထား ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မှာ လန်ဆယ်ရွာနဲ့ လာဟီဆင်စခန်းကုန်းတွေကို သိမ်းပိုက်ခဲ့ပြီး ခေါင်လန်ဖူး–လန်ဆယ်–ချီဖွေလမ်းပိုင်းကို ထိန်းချုပ်ထားပါတယ်။
လက်ရှိမှာ ရှိန်းခေါင်–ခေါင်လန်ဖူး လမ်းပိုင်းကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးဒေသဟာ မြန်မာ–တရုတ်နယ်စပ်နဲ့ နီးပြီး ပူတာအို၊ ချီဖွေနဲ့ ဆော့လော်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းတွေရှိတဲ့ ဒေသဖြစ်တာကြောင့် လက်ရှိတိုက်ပွဲတွေဟာ နယ်စပ်အနီး စစ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရေးအတွက် အရေးပါတဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်နေပါတယ်။
By – Zaw Zaw




