မြစ်ကြီးနားမှာ လုယက်သူနှစ်ဦး ဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရွှေပန်းတိမ်ဆိုင်တစ်ဆိုင်မှာ လုယက်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒီမနက် ၈ နာရီခွဲလောက်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှမ်းစုမြောက်ရပ်ကွက်၊ ဈေး ၂ အနီး၊ အေဝမ်းစတိုးအနောက်ဘက်မှာရှိတဲ့ “ရွှေစည်တော်” ရွှေပန်းတိမ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အနီးပတ်ဝန်းကျင်က ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် လုယက်သူအမျိုးသားနဲ့အတူ လာတဲ့ အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တွေ့တာက ကြိုးနဲ့ချည်ထားခံရတဲ့ အမျိုးသားက ဆိုင်ရှင်အမျိုးသမီးကို တိုက်ခိုက်ခဲ့လို့ ခေါင်းမှာထိသွားတယ်ထင်တယ်။ သွေးအရမ်းထွက်နေတယ်။ သူနဲ့အတူပါလာတဲ့ အမျိုးသမီးကိုလည်း ကြိုးချည်ပြီး ဖမ်းထားတယ်။ အဲဒီအမျိုးသမီးမှာလည်း ဓားတိုတစ်ချောင်း ပါနေတယ်” လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆိုင်ရှင်အမျိုးသမီးကို ဆေးရုံပို့ဆောင်ထားပြီး လုယက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ နှစ်ဦးကိုတော့ ရဲတပ်ဖွဲ့က အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လုယက်သူ အမျိုးသားဟာ ရမ်ပူရပ်ကွက်၊ နယ်မြေ ၂၄ မှာ နေထိုင်သူဖြစ်တယ်လို့ ပြောဆိုမှုတွေရှိပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြစ်ကြီးနားမြို့မှာ ခိုးမှုနဲ့ လုယက်မှုတွေ တစ်ပတ်ကို ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခုလို ခိုးဆိုးလုယက်မှုတွေဟာ တပ်ကုန်းရွှေလမ်းမ၊ အေးမြသာယာနဲ့ ရမ်ပူရပ်ကွက်တွေမှာ ပိုများလာပြီး အမျိုးသမီးတွေကို ပိုမိုပစ်မှတ်ထားလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာလည်း ခိုးဆိုးလုယက်သူတွေကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဆိုင်ကယ်ပေါ်က လဲကျပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးခေါင်းထိခိုက်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button