သတင်း

အာဏာသိမ်းစစ်ကောင်စီလက်အောက် ပြည်သူ့စစ် တပ်စခန်းတစ်ခုကို KIA က ဝင်တိုက်

ကချင်ပြည်နယ် ဟူးကောင်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်-စံပြကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင်ရှိသော ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်အဖွဲ့ KIA က ယနေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ၄ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

စံပြကျေးရွာဖြင့် ၅ဖာလုံခန့် ကွာဝေးသည့်ပြည်သူ့တပ်စခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဘက်က မနက်ပိုင်း ၂နာရီခန့်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၅နာရီအချိန်အထိ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်ခဲ့ကြသည်ဟု စံပြဒေသခံတစ်ဦးထံမှ သိရသည်။

“စခန်းသိမ်းတဲ့အထိတော့ ဖြစ်မသွားခဲ့ဘူး။ ပြောရရင် လာထိုးဆွပေးတဲ့ သဘောလောက်ဘဲရှိတယ်။ အခုသိရသလောက်က ရွာထဲမှာဘာမှတော့ ဖြစ်မသွားခဲ့ဘူး။ ဒါပေမယ့် ရွာသားတွေက တော်တော်လည်းထိပ်လန့်နေကြတယ်”ဟု ပြောဆိုသည်။

ထိုသို့ စံပြကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန် ရှဒူးဇွပ်ကျေးရွာရှိ အာဏာသိမ်းစစ်တပ် ခလရ ၂၉၇ တပ်ရင်း ဗျူဟာကုန်းမှ စံပြကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လူနေအိမ်တစ်ခုတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်။ သို့သော်ထိုလက်နက်ကြီးကျည်မှာ မပေါက်ကွဲပဲ ထိုနေရာတွင်တည်ရှိနေသေးကြောင်းသိရသည်။ အဆိုပါလက်နက်ကြီးကျည်ကို အမြန်လာရောက် ဖယ်ရှားပေးရန် ခလရ၂၉၇တပ်ရင်းသို့ အကြောင်းကြားထားကြောင်းသိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်မှုများပြုလုပ်ခဲ့သောကြောင့် မတ်လ ၁၁ရက်နေ့မှ စပြီး ကချင်ပြည်နယ်တွင် အာဏာသိမ်းတပ်၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ကဝင်ရောက်တိုက်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။

Show More

Related Articles

Back to top button