သတင်း

မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတွင် အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်

မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံဒေသအနီး ဂွေထော်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့ မတ်လ ၁၅ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂွေထော်ယာန်ကျေးရွာအတွင်းရှိ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA က ယနေ့ညနေပိုင်း ၅နာရီခန့်တွင် လာရောက်ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဂွေထော်ကျေးရွာမှ ၂မိုင်ခန့်ဝေးသည့် တန်ဘောင်ဒေသခံများက ထိုနေရာတွင် ပိတ်မိနေသည်။

“ဂွေထော်ကျေးရွာမှာတိုက်ပွဲဖြစ်နေတာက ၅နာရီလောက်မှာစဖြစ်တယ်။ KIA ဘက်ကနေလာပြီး ပစ်ခတ်လာတယ်လို့သိရတယ်။ ကြားမှာနာရီဝက်လောက်ခန ရပ်သွားကြတယ်။ အဲ့မှာကျနော်တို့ တန်ဘောင်ယာန် ဒေသခံတွေက စိုးရိမ်လို့ ရွာကနေထွက်လာဖို့ စီစဉ်နေတယ်။ ဒါပေမယ့် ထပ်ပြီးတိုက်ပွဲပြန်ဖြစ်နေတယ်။ ဒါကြောင့်ထွက်လာလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့က ညတွင်းချင်းတောင်ထွက်ချင်နေပြီ ဒါပေမယ့် ယခုအထိသွားလို့မရသေးဘူး”ဟုပြောဆိုသည်။

တန်ဘောင်ယာန်ဒေသခံပြည်သူများအနေဖြင့် မြို့ရွာဘက်သို့ အမြန်လွတ်မြောက်လာနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း အကူညီတောင်းဆိုထားကြောင်းသိရသလို ကျေးရွာဒေသခံပြည်သူများမှာ စုစုပေါင်း လူဦးရေ ၅၀ဦးခန့်ရှိနေပြီး များသောအားဖြင့် အမျိုးသမီးများဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိ တန်ဘောင်ယာန်ဒေသခံများက ကတ်သလစ်ဘုရာကျောင်းဝန်းအတွင်းနှင့် မြစ်ချောင်းနဘေးစသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်းသိရှိရသည်။

ထို့နောက် တန်ဘောင်ကျေးရွာအနီးတွင်ရှိနေသည့် ဆနီတူယာန်(Sa Ni Tu Yang)နှင့် ဖိဆစ်ဇွပ်(Hpa Zip Zup) ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက နီးစပ် ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် တောင်ယာအခင်းစသည့် နေရာတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ တမ်မဟာ(၁)၏ တပ်ရင်း ၄၊ ၇၊ ၁၀၊ ၂၂၊ နှင့် တပ်မဟာ(၇) တပ်ရင်း ၃၂၊ ၃၃၊ ၄၆ စသည့် တပ်စခန်းများအခြေစိုက်ထားသည့် နေရာများဖြစ်ကြောင်းသိရှိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်သတ်မှုတွေပြုလုပ်ခဲ့သောကြောင့် မတ်လ ၁၁ရက်နေ့မှစပြီး ကချင်ပြည်နယ်အတွင်းရှိ စစ်တပ် တပ်စခန်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button