သတင်း

ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသော လူငယ် ၆ ဦးကို မည်သည့်နေရာတွင်ထားသည်ကို မသိရသေး

ကချင်ပြည်နယ် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးလိုက်သော လူငယ် ၆ ဦးကို ရဲစခန်းသို့ လွဲပြောင်းခြင်း မရှိသေးသောကြောင့် အာဏာသိမ်းစစ်တပ်တွင်သာ ထိန်းသိမ်းထားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဧပြီလ ၂၂ ရက်နေ့က ခေါင်လန်ဖူး မှ ပူတာအို သို့ ဆင်းလာသည့် လူငယ် ၆ ဦးကို နောင်မွန်း မဂွေဇကြိုးတံတားဂိတ်စောင့် ပြည်သူ့စစ်အဖွဲ့က အကြောင်းတစ်စုံတစ်ရာမသိရပဲ ဖမ်းဆီးထား လိုက်သည်။

“အဲ့တော့ ကျနော်ကိုယ်တိုင် မနေ့က ပူတာအိုက ရဲအရာရှိတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းကြည့်တယ်။ ရဲလက်ထဲ မအပ်ဘူးလို့ပြောတယ်။ သူတို့ လူငယ် ၆ယောက်ဖမ်းတဲ့ မဂွေဇ တံတားဂိတ်ကနေတဆင့် ပူတာအိုဘက်ကလာတဲ့ ကားတစ်စီးနဲ့ တင်သွားကြတယ်လို့ကြားတယ်။ သေချာသလောက်က သူတို့ကို စစ်တပ်ထဲမှာသိမ်းထားတာဖြစ်နိုင်တယ်” ဟု လူငယ် ၆ ဦးနဲ့ နီးစပ်သူ တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

အာဏာသိမ်းစစ်တပ်အတွက် စစ်သားစုဆောင်းရေးကို ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးပေးခြင်းလည်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ပူတာအိုနှင့် ခေါင်လန်ဖူးမြို့နယ်သည် ဆက်သွယ်ရေးကောင်းမွန်စွာ မရရှိသေးသည့် မြို့နယ်ဖြစ်သောကြောင့် လက်ရှိအချိန်အထိ မိသားစုနဲ့ အဆက်အသွယ်မရရှိသေးကြောင်း သူကဆက်ဆိုသည်။

ဖမ်းဆီးခံလိုက်ရသည့် လူငယ် ၆ဦးမှာ ဆန္ဒပြပွဲတွင် ပါဝင်လူပ်ရှားသူများမဟုတ်ဘဲ ပူတာအိုဘက်သို့ ဆင်းလာသည့် သူများသာဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button