လုံခြုံမှုမရှိသေးသည့် ဘွမ်ရာယာန်စစ်ရှောင်များ မိုးရာသီ ရေဝပ်ဒဏ် မကြာခဏကြုံတွေ့နေရ

အင်ဂျန်ယာန်မြို့နယ် ဘွမ့်ရာယာန် (Bum Ra Yang) စစ်ရှောင်စခန်းတွင် မိုးရွာလျှင် ရေကြီးလျှံဖြစ်သောကြောင့် စခန်းတွင် မကြာခဏရေဝပ်ဒဏ် ခံစားနေရကြောင်း သိရသည်။
မေလ လယ်မှစတင်ကာ မိုးများလာသဖြင့် တစ်ပတ်လျှင် ၃ကြိမ်ထက်မနည်း စစ်ရှောင်စခန်းတွင် ရေဝပ်ဒဏ်နေကြောင်း Bum Ra Yang စစ်ရှောင်တစ်ဦးက ပြောသည်။
“အခုက မိုးရွာတဲ့အချိန်တိုင်းလိုလိုရေဝပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စခန်းဆောက်ထားတဲ့နေရာက ချိုင့်ခွက်လိုဖြစ်နေတာပေါ့။ အဲ့ကြောင့် ရေပေါက်ထွက်သွားမယ့် ရေလမ်းမရှိဘူး။ မိုးရွာရင် ၃နေရာလောက်က အရမ်းဆိုးရွာတယ်။ ရေဝပ်ပြီဆိုရင် နေလို့မရဘူး။ ရေခမ်းလာတာကိုစောင့်ရတာပေါ့”ဟု ပြောဆိုသည်။
ထို့နောက် စခန်းအတွင်း မိုးတွင်းကာလအချိန်တွင် သောက်သုံးရေခက်ခဲလာနိုင်ကြောင်းနှင့် ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများလည်း လိုအပ်ကြောင်း ဆက်ဆိုသည်။
“မိုးတွင်းမှာလည်း သောက်သုံးရေခက်လာနိုင်တယ်။ အခုကျနော်တို့က တောင်ကျရေဘဲသောက်နေရတယ်။ ဒီထက်ပိုပြီး မိုးရွာလာရင် ရေတွေနှောက်သွားမယ်။ အဲ့ဆိုရင်ပိုခက်ခဲသွားနိုင်တယ်။ ပြီးရင် အခုဆိုရင်ဌက်ဖျား ဖြစ်နေတဲ့သူတွေလည်း ရှိနေတယ်။ ဌက်ဖျားဆေးကသိပ်ကုန်လာပြီလို့ကြားတယ်။ အလှူရှင်တွေလာပေးတယ်ဆိုရင်လည်း အများနဲ့ဖြစ်တာဖြစ်တဲ့အတွက် မလုံလောက်ဘူး”ဟု ပြောဆိုသည်။
ဘွမ်ရာယာန်စစ်ရှောင်စခန်းတည်ရှိသောနေရာသည် ဆက်သွယ်ရေးဖုန်းနှင့် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်နေရာတစ်ခုဖြစ်ပြီး မြို့နှင့်လည်း အလွန်ကွာဝေးသည်။ စစ်ရှောင်အိမ်ထောင်စု ၁၃၁ခုနှင့် လူဦးရေ ၅၅၉ ဦး ရှိကြောင်းသိရသည်။
Bum Ra Yang စစ်ရှောင်စခန်းမှာ ပြီးခဲ့သော မတ်လ ၁၅ရက်နေ့က အင်ဂျန်ယာန်မြို့နယ် ဂွေထောင် (Gwi Htau Mare)ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်ထန်လာသည့်အတွက် ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။