လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မူဆယ် မော်တောင်းကျေးရွာဒေသခံ တစ်ဦးကို တပ်မ ၉၉ မှ ဖမ်းဆီးသတ်ဖြတ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာက အရပ်သားပြည်သူအမျိုးသား ၁ ဦးကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြောင်းဖူးခင်းတွင် ပစ်သတ်ကာ မြုပ်ထားကြောင်း ဒေသခံများနဲ့ မိသားစုဝင်များထံမှ သိရပါတယ်။

သတ်ဖြတ်ခံထားရသူမှာ နားတစ်ဖက်မကြားသူ မော်တောင်းဒေသခံ အသက် ၅၆ နှစ်အရွယ် ကချင်အမျိုးသား ဦးလဖိုင်တူးလွမ် ဆိုသူဖြစ်သည်။

သူသည် ကျေးရွာအနီးတောင်ပေါ်တွင်နေထိုင်သူဖြစ်ပြီး တောင်အောက်သို့ ဆင်းလာချိန် ဖမ်းဆီးခံရပြီး အလောင်းဖျောက် ပစ်သတ်ခံထားရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“မြို့မ ပြည်သူ့စစ် ကိုမေးလည်း မသိဘူးပဲ ပြောတယ်။ တပ်မ ၉၉ တွေကို မေးတော့လည်း မေးတော့ ငြင်းတယ်။ သတင်းမှာ မော်တောင်းဘက်မှ တပ်မ ၉၉ နဲ့ PDF တွေတိုက်ပွဲဖြစ်တာ ကြားရလို့ အသိတဦးကို တပ်မ ၉၉ ဘက်ပြန်မေးတယ်။ ၃ ကြိမ်မေးလည်း မသိဘူးလို့ပဲ ငြင်းသေးတယ်။ ၄ ကြိမ်မြောက်မှာမှ သူတို့ ပြောလာတယ် သူတို့မှားသွားတယ်။ တောင်ပေါ်ကနေ ဆင်းလာတဲ့ သေနတ်လွယ်ပြီးဆင်းလာတဲ့ ယောက်ျား ၁ ယောက်ကိုတော့ ပစ်သတ်မိတယ် လို့ ပြောလာတယ်။ တကယ်ဆိုရင်တော့ သေနတ်တော့ မလွယ်ပါဘူး။ ဓားတော့ လွယ်ထားတယ်။ ပြီးရင်လွယ်အိတ် လွယ်တယ်။ အဲထဲမှာ ဖုန်းအိတ်လည်း အဲတိုင်းထည့်ထားတယ်။ အဲဒါပဲ လွယ်ထားတယ်။ တခြားဘာမှ မပါဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတ်ဖြတ်ပြီးနောက် အလောင်းဖျောက်မြုပ်ထားခဲ့သော နေရာကို တပ်မ ၉၉ ဘက်က ပြန်လည်ညွန်းပြတာကြောင့် အလောင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

“သူတို့က လူမကြည့်တတ်အောင် လုပ်တာလားတော့မသိဘူး။ PDF တွေရဲ့ အုပ်ထုပ်ရော၊ အပေါ်အင်္ကျီရော ဘောင်းဘီရော ဖိနပ်တွေရော PDF တွေရဲ့ ဝတ်စုံ လဲပြီး ဝတ်ထားပေးတယ်။ ၁ ပေ လောက်ပဲ တူးပြီး အဲဒီမှာ မြေကြီးနည်းနည်းဖုံးပြီး အပေါ်မှာ ပြောင်းဖူးပင်တွေနဲ့ ဖုံးပြီး ဖြစ်သလို မြှုပ်ထားပေးတယ်။ တကယ်လို့ မစုံစမ်းနိုင်ဘူးဆိုရင် မတွေ့နိုင်တော့ဘူး။” လို့ သူက ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့က မော်တောင်းရွာအနီးမှာ စစ်ကောင်စီ တပ်မ ၉၉ နဲ့ PDF တို့အကြား မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံ အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားပြီး ၉ ဦးကိုတော့ နိုဝင်ဘာလ ၂၃ ရက်မှာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မော်တောင်းကျေးရွာတွင် ယခုကဲ့သို့ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်သောလုပ်ရပ် ပထမဆုံး အကြိမ်ဖြစ်သော်လည်း နိုင်ငံအနှံ စစ်ကောင်စီ၏ မတရား ဖမ်းဆီး သတ်ဖြတ်မှုသတင်းကို ပုံမှန်ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Bum Shep

Show More

Related Articles

Back to top button