တိုက်ပွဲသတင်း

ရှမ်းမြောက် ဖောင်းဆိုင်ဒေသတွင် စစ်ကောင်စီက လေယာဉ် နဲ့ တိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသဘက်မှာ ယနေ့ နံနက် ၃ နာရီခန့်ကစတင်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချင်ဆိုက်ထန်ဘက်တော့ ဒီ မနက် လေယာဉ်နဲ့ လာပစ်တယ်။ ဘန်မွေးရွာ၊ မန်းယန်ရွာ၊ ဖောင်းဆိုင်ရွာ၊ လရှပ်ရွာ အဲဒီ တကြောလုံး ပစ်နေတယ်။” လို့ စစ်ကောင်စီနဲ့ MNDAA တို့အကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲ ပြန်လည် ပြင်းထန်လာ‌နေကြောင်း ဒေသ ခံတဦးက ပြောပါတယ်။

ဘန်မွေးရွာနဲ့ မန်းယန်ရွာမှာ တောင်ကြောတခုထဲမှာ ရှိနေပြီး တရွာနဲ့ တရွာ ၁၀ မိနစ်ခန့်သာ ခြေကျင်သွားလာရတဲ့နေရာဖြစ်ပါတယ်။ မန်းယန်ရွာဘက်မှာ စစ်ကောင်စီတပ်တွေ နေထိုင်ပြီး ဘန်မွေးရွာဘက်မှာတော့ ကိုးကန့် MNDAA တို့ နေထိုင်တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေရဲ့ အခြေအနေတော့ မသိရသေးဘူး။ ဘန်မွေး တဝိုက်က ပြည်သူတွေကိုတော့ ကိုးကန့်အဖွဲ့ဘက်က ရှောင်ခိုင်းထားတယ်။ မန်းယန်ဘက်က သူတွေကိုတော့ အကြောင်းမကြားလိုက်နိုင်ဘူး။ နောက်ဆုတ်လည်း မရ။ ရှေ့တိုးလည်းမရ။ အိမ်မှာပဲ ပုန်းနေရတယ်။” လို့ ပြည်သူအချို့တိုက်ပွဲ ကြား ညှပ်မိနေကြောင်း အမည်မဖော်လိုသူ ဒေသခံ တဦး က ပြောပါတယ်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မနက် မနက် ၃နာရီ ဝန်းကျင်ခန့်ကစ လရှပ်ရွာ၊ မန်းယန်ရွာ၊ ဘန်မွေးရွာစတဲ့ ဖောင်းဆိုင် ၃ နေရာတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၈ နာရီခန့်မှာတော့ ဘန်ငူးတောင်ဘက်မှာ လက်နက်ကြီး၊ လက် နက် ငယ်သံတွေ အဆက်မပြတ်  ပြင်းပြင်းထန်ထန် ပစ်တ်သံ ကြားနေ‌ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တိုက်ပွဲ ဆက်လက်ပြင်းထန် နေဆဲ ဖြစ်တာကြောင့်  မြေပြင်သတင်း အသေးစိတ်ကို သိရိနိုင်ရန် စုံစမ်းဆဲ ဖြစ်ပါတယ်။

မုန်းကိုးမြို့နယ် ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေ‌ကို စစ်ကောင်စီတပ်က ဒီက‌နေ့ ဒီဇင်ဘာ ၁၃ ရက်‌မှာ ထိုးစစ်ဆင်နေကာ လက်ရှိ အချိန်ထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ကြောင်း ကိုးကန့် ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က စစ်ကူအဖြစ် စစ်ကား ၄၀ ခန့်မှာ မူဆယ်ဘက်ကနေ မုံးကိုးဘက်ကို ချီတက်လာနေတာကြောင့် မုံးကိုးဒေသမှာ တိုက်ပွဲ ပိုမိုပြင်းထန်းလာနိုင်တယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကိုးကန့်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ဒေသမှာ ၂၀၂၁ ဇူလိုင် လဆန်းကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့တာပါ။

Bum Shep

Show More

Related Articles

Back to top button