သတင်း

ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် အရန်မီးသတ် အရာရှိတစ်ဦး ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်အချိန် လမ်းခုလပ်တစ်နေရာတွင် ပစ်သတ်ခံရကြောင်းသတင်းရရှိပါသည်။

ပစ်သတ်ခံရသည့်သူမှာ မော်ဝမ်းရပ်ကွက် (၇) ရေအေးချောင်းတွင် နေသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ကိုသန်းကျော် ခေါ်သူဖြစ်ပြီး သေနတ်ဒဏ်ရာ ၃နေရာတွင် ထိမှန်ကာ သေဆုံးသွားသည်ဟု နီးစပ်ရာ ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်သတ်ခံရတဲ့သူက ဖားကန့်ရဲ့ အရန်မီးသတ်က အရာရှိတစ်ဦးဖြစ်တယ်။ နံနက်အစောပိုင်းက ပစ်သတ်ခံရတာ။ သေနတ်ဒဏ်ရာက ၃ချက်တွေ့ရတယ်”ဟုပြောဆိုသည်။

ကိုသန်းကျော်သည် သူ၏ အမျိုးသမီးကို စျေးလိုက်ပို့ပေးရင်း မော်မောလီယန်နှင့် တောင်ပြိုကျေးရွာ ၂ခုကြား လမ်းတစ်နေရာတွင် ပစ်သတ်ခံခဲ့ရသည်ဟု ဆက်ဆိုသည်။

သေဆုံးသွားသည့် ကိုသန်းကျော်သည် ဖားကန့်အရန်မီးသတ်အဖွဲ့တွင် တာဝန်ကိုထမ်းဆောင်နေသည်မှာ သက်တမ်းကြာမြင့်သူတစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

ဖားကန့်တွင် ပြီးခဲ့သော နိုဝင်ဘာလ ၂၅ရက်နေ့ ည ၉နာရီအချိန်ခန့်တွင်လည်း အရန်မီးသတ်တစ်ဦး သတ်ခံရပြီး ယခုသေဆုံးမှုမှာ ဒုတိယအကြိမ် သတ်ခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရသည်။

Related Articles

Back to top button