သတင်းအင်တာဗျူး

“နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံမှာ တိုက်ပွဲ မဖြစ်ပေးဖို့ တရုတ်အစိုးရဘက်က တောင်းဆိုတာရှိတယ်” မေးမြန်းချက်

တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံတွင် တိုက်ပွဲများ ရပ်တန့်ပေးရန် တရုတ်အစိုးရဘက်က တောင်းဆိုထားသည့်အချက်အပါအဝင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်တစ်ခုကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG မှ ကချင်ဘာသာဖြင့် မေးမြန်းပြီး မြန်မာဘာသာဖြင့် ပြန်လည်တင်ဆက်ထားပါသည်။

မေး။          ။ KIO အနေနဲ့ ဒီကနေ့ ထုတ်ပြန်ချက် ထုတ်ရတဲ့ အကြောင်းရင်းကို ပြောလို့ရနိုင်မလား။

ဖြေ။          ။ မြန်မာ့တပ်မတော်ကနေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို သိမ်းယူခဲ့တာ တစ်နှစ်ပြည့်တော့မှာမို့ ဒါကို သုံးသပ်ပြီး ထုတ်ပြန်တာဖြစ်တယ်။ နောက်တစ်ချက်က တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဆောင်းအိုလံပစ်ပွဲ ၁၃ ကြိမ်မြောက် လုပ်မယ်။ ပွဲတော်အတွင်းမှာ တရုတ်နှစ်သစ်ကူးချိန်လဲဖြစ်နေတော့ ကျနော်တို့ နယ်စပ်ဒေသနှင့် မြန်မာနိုင်ငံမှာ တိုက်ပွဲ မဖြစ်ပေးဖို့ တရုတ်အစိုးရဘက်ကနေ တောင်းဆိုတာရှိတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကိုလည်း အကျိုးပေးတဲ့ လမ်းစဉ်တစ်ခုဖြစ်မယ်လို့ ယူဆတာကြောင့် အားလုံးကို ခြုံငုံကြည့်ပြီးမှ ထုတ်ပြန်ချက်ထုတ်ရတာ ဖြစ်တယ်။

မေး။          ။ ဆောင်းရာသီ အိုလံပစ်ပွဲနဲ့ ပတ်သက်ပြီး (သို့) ငြိမ်းချမ်းရေးနဲ့ ပတ်သပ်ပြီး တရုတ်အစိုးရကနေ KIO အစိုးကို ဘယ်လို ဖိအားပေးတောင်းဆိုမှုတွေရှိနေတာလဲ။

ဖြေ။          ။ အဓိကတော့ သူတို့ရဲ့ အိုလံပစ်ပွဲနဲ့ နှစ်သစ်ကူးအချိန် အတောအတွင်း တိုက်ပွဲတွေ မဖြစ်ပေးဖို့ သူတို့ဘက် တောင်းဆိုလာတာတွေ ရှိတယ်။

မေး။         ။ စာထဲက အချက် ၃ ချက်မြောက်မှာ လက်ရှိအကြပ်အတည်းကို အချိန်မှီ မဖြေရှင်းနိုင်ဘူးဆိုရင် ထိခိုက်နစ်နှာမှု ပိုများလာမယ်ဆိုပြီး ပြောထားတော့ KIO အစိုးရအနေနဲ့ စစ်ကောင်စီကို ဘယ်လို တိုက်တွန်းချင်တာဖြစ်ပါမလဲ။

ဖြေ။         ။ မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ စစ်ကောင်စီတပ်မှ တာဝန်ရှိတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း အခု ၂၀၂၂ ခုနှစ်မှာတော့ ငြိမ်းချိမ်းရေးနှစ်ဆိုပြီး ပြောတော့ပြောထားတယ်။ ဒါပေမယ့် အခုလိုမျိုး လက်နက်ကိုင်ပြီး တိုက်ပွဲဖြစ်ပွားစေတာ၊ ပြည်သူတွေကို ဒုက္ခပေးနေတာ ခဏခဏတိုက်ပွဲ ဖြစ်နေတာက ငြိမ်းချမ်းရေးဘက်ကို ဘယ်လိုမှ မရောက်လာနိုင်ဘူး။ ဒါကြောင့် စစ်ကောင်စီဘက်ကလဲ စိတ်ဓါတ်ပြောင်းလဲဖို့ လိုတယ်။ အားလုံးက တရားမှုတမှုကို ကိုင်ဆောင်ပြီး ဖြေရှင်းမှသာ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုရဲ့ လိုလားမှုတွေ ကျနော်တို့တိုင်းရင်းသားတွေရဲ့ လိုလားမှုတွေကိုလည်း စဉ်းစားပေးရမယ် တန်ဖိုးထားပေးရမယ်။ ဒါမှ ဖြေရှင်းနိုင်မယ်။ ဒီနည်းလမ်းနဲ့ မဖြေရှင်းနိုင်ရင်တော့ ကျနော်တို့ မြန်မာနိုင်ငံက အခုထက်ပိုပြီး ပျက်စီးသွားမယ် ပိုပြီး ဆင်းရဲ ဒုက္ခနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။

မေး။         ။ လတ်တလော တိုက်ပွဲမဖြစ်ဖို့ တောင်းဆိုထားတာလည်းရှိတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ဒေသတွင်း ထိုးစစ်ဆင် တိုက်ခိုက်လာတာရှိရင် တိုက်ပွဲဖြစ်ဖို့ ရှိပါသလား။

ဖြေ။          ။ ရှိမှာပေါ့။ ရန်သူတတ်လာခဲ့ရင်တော့ ပြန်ပစ်မှာပါ။ ကျနော်တို့ဘက်က တိုက်ပွဲမဖြစ်ချင်ပေမယ့် သူတို့ဘက်က တိုက်ပွဲစလာရင်တော့ တိုက်ပွဲကတော့ ဖြစ်ကြမှာပဲ။

မေး။          ။ KIO အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဘယ်လို စကားပါးလိုပါသလဲ။

ဖြေ။          ။ ကျနော်တို့ အားလုံးက တော်လှန်ရေးလမ်းစဉ်ပေါ်မှာ လျောက်နေကြတဲ့သူတွေပါ။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးခရီးကို စိတ်ရှည်ပြီး ကြိုးစားရမှာဖြစ်တယ်။ ကျနော်တို့ ရောက်ချင်တဲ့ ပန်းတိုင်ကို မရောက်သေးတာကြောင့် ဆက်ပြီး အားမလျော့ပဲ အတူတကွ ကြိုးစားသွားကြရအောင်လို့ ပြောချင်ပါတယ်။ ကျနော်တို့ KIO အစိုးရ အနေနဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို အမြဲစောင့်ကြည့်နေပြီး အဖက်ဖက်က လုပ်ဆောင်နေတာတွေရှိတယ်။ ပြည်သူလူထုအားလုံးလည်း KIO အစိုးရကို အကြံပေးချင်တာရှိရင် ပေးပါ။ နောက်ကနေ ကူညီပြီး တွန်းအားပေးနိုင်သမျှ တွန်းပို့ပေးပြီး ကျနော်တို့ တော်လှန်ရေးခရီး ပန်းတိုင်ရောက်အောင် ကြိုးစားကြရအောင်လို့ ပြောပါရစေ။

Show More

Related Articles

Back to top button