သတင်း

‘အသံတိတ်သပိတ်’ တွင်ပါဝင်ခြင်းမပြုရန် စစ်ကောင်စီက သတိပေးစာများ ထပ်ဖြန့်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် NUG တို့၏ လှုံ့ဆော်မှုများအတိုင်း လိုက်နာသူများကို အရေးယူမည်ဟု စစ်ကောင်စီက ကချင်ပြည်နယ်အနှံ သတိပေးစာများ ဖြန့်ဝေကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၇ရက်နေ့ ရက်စွဲဖြင့်ပုံနှိပ်ထားသော အဆိုသတိပေးစာများကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူနှင့် မိုးကောင်း စသောနေရာတို့တွင် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် စည်ပင်အဖွဲ့က ဦးဆောင်ပြီး မြို့ပေါ် ရှိ စျေးရပ်ကွက်တို့တွင် လိုက်လံသတိပေးနေကြောင်း ပြည်သူများထံမှသိရသည်။

ဝိုင်းမော်မြို့တွင် ယနေ့ညနေပိုင်း ၃နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီလက်အောက် စည်ပင်အဖွဲ့က ဦးဆောင်ပြီး သတိပေး ကြေညာစာကို မီးပွိုင့်တစ်နေရာနှင့် စျေးလမ်းမပေါ်များတွင် သတိပေးဝေစာများဖြန့်ဝေသွားကြောင်း ဝိုင်းမော်ဒေသခံတစ်ဦး ပြောဆိုချက်မှ သိရသည်။

“သူတို့လာကပ်သွားတာက ၃နာရီလောက်ဟုတ်တယ်။ ဆိုင်းဘုတ်အကြီးနဲ့လာကပ်သွားတာ မီးပွိုင့်လမ်းဆုံ တစ်နေရာမှာဘဲ။ ကျန်တဲ့နေရာမှာက မတွေ့သေးဘူး။ ပြီးရင် ဝေစာတွေလည်း ဖြန့်သွားတယ်။ သူတို့ဘာကြောင့်အခုလို လုပ်လာတာက သေချာမသိဘူး။ ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အသံတိတ်သပိတ်လုပ်မှာကို ကြောက်လို့ထင်တယ်” ဟုပြောဆိုသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် ၁ နှစ်ပြည့်သော လာမယ့်ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့် ပြည်သူများက တနိုင်ငံ အသံတိတ်သပိတ်ပြုလုပ်ရန်အတွက် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအဖွဲ့ဘက်က တန်ပြန်သည့်အနေဖြင့် အရေးယူရန် သတိပေးနိုးဆော်ချက်များ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

ယခုလို စစ်ကောင်စီမှ သတိပေးစာထုတ်ပြန်လာရခြင်းမျာ ပြည်သူလူထုကို ကြောက်ရွံ့စိတ်များလွန်ကဲနေသောကြောင့် ဖြစ်သည်ဟု အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် ပါဝင်နေသည့် မြစ်ကြီးနားမှ တက်ကြွလှုပ်ရှာသူ လူငယ်တစ်ဦးက ယခုလို ပြောဆိုထားသည်။

“ဒါကလေ စစ်တပ်ဘက်ကနေ ကြောက်စိတ်လွန်ကဲနေလို့ ဘဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ ပထမ တစ်ခေါက်တုန်းက ‘အသံတိတ်သပိတ်’ လုပ်တုန်းက ပြည်သူတွေအားလုံး ပါဝင်ပေးကြတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တနိုင်ငံလုံးကျွတ် ပြန်လုပ်ဖို့ သတ်မှတ်ထားတယ်။ ပြည်သူတွေအနေနဲ့လည်း အဲ့နေ့မှာ အားလုံးဝင်ပါဝင်မယ်ဆိုတာကို သိနေတယ်။ ဒါကြောင့် သူတို့ဘက်က ရရာနည်းနဲ့ ကန့်ကွက်နေတယ်လို့ဘဲ မြင်တယ်” ဟု ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီဘက်ကလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံးအဆင့် အသံတိတ် သပိတ်ဆင်နွဲ့မည့်နေ့တွင် စျေးဆိုင်များအားလုံးဖွင့်ထားရန် ထပ်မံ ညွန်ထားမှုများရှိနေသောကြောင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်းလည်း သိရသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့၏ သတိပေးကြေညာစာတွင် ‘ပြည်သူများနေဖြင့် CRPH နှင့် NUG ယင်းတို့၏ လှုံ့ဆော်မှု ဝါဒဖြန့်မှုများ အပေါ် မသိနားမလည်ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ လိုက်ပါဆောင်ရွက်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြေင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည်’ဟုပါရှိသည်။

Show More

Related Articles

Back to top button