တိုက်ပွဲသတင်း

တနိုင်း နမ့်ဗျူ၊ နမ်ကောန် ရှိ စစ်ကောင်စီတပ်စခန်းများကို KIA တိုက်ခိုက်ခဲ့

တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၁၄ နယ်မြေ နမ့်ဗျူဒေသရှိ စစ်ကောင်စီ၏ တပ်စခန်း ၂ ခုကို KIA မှ သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် တစ်ရက်အတွင်း ၂ နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင် နမ့်ဗျူကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်း နှင့်အတူ အဆိုပါနေရာနှင့် ၁၀ မိုင်ခန့်ဝေးသော နမ်ကောန် (Nam Kawn) ကျေးရွာ၏ အဝင်ပေါက်နေရာ စသည့် နေရာ ၂ ခုကို KIA က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြုလုပ်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်ကာ ၂ နေရာမှာ ဖြစ်သွားတယ်။ နမ့်ကွမ့်ရွာအပေါက်ဝ နဲ့ နမ့်ဗျူရွာဟောင်း အရင်စက်လှေကူးတို့ နေရာနားမှာ ဖြစ်သွားတယ်။ အကြာကြီး ဖြစ်တာတော့ မဟုတ်ဘူး။ စစ်တပ်က နယ်ချဲ့ကျူးကျော်တပ်စွဲထားတဲ့ စခန်းတွေကို သွားတိုက်ခိုက်တဲ့သဘော ဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ၆ ရက်နေ့ တစ်ရက်ထဲမှာဘဲ။ တပ်စခန်းသိမ်းတဲ့အထိ မဟုတ်တော့ စစ်တပ်ဘက်က ထိခိုက်မှုအတိအကျမသိရဘူး။ KIA ဘက်ကတော့ ထိခိုက်မှု လုံးဝမရှိဘူး” ဟု ပြောဆိုသည်။

နမ်ကောန်စစ်ကောင်စီစခန်းတွင် စစ်တပ်အင်အား ၃၀ ခန့်ရှိပြီး နမ့်ဗျူစခန်းတွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကောင်စီက အခိုင်အမာ တပ်ချထားသည်ဟု သူက ဆက်ပြောသည်။

KIA ဘက်မှ စစ်ကောင်စီတပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်မှုတွင် တပ်စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသေးဘဲ နာရီပိုင်းခန့်အကြာ ၂ဖက်တပ် လက်နက်ကြီးများဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်းသိရသည်။

သို့သော် ထိုတိုက်ပွဲဖြစ်ပွားခဲ့သည်နေ့တွင် နမ့်ဗျူဒေသ KIA ရှိသည့်ဘက်သို့ စစ်ကောင်စီတပ်များ ဂျက်လေယာဉ် ၃စီး ဖြင့် သွားရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဆက်သိရသည်။

“အဲ့နေ့မှာ တိုက်ပွဲဖြစ်သွားတာက သေချာတယ်။ ကျနော်တို့နေတဲ့ရွာနေရာဘက်ကနေ လက်နက်သံတွေ အကျယ်ကြီးကြားရတယ်။ နောက် တနိုင်းဘက်ကနေ ဂျက်လေယာဉ် ၃စီး တက်လာပြီး ဗုံးလာကြဲသွားတယ်။ ကျန်တာ အသေးစိတ်မသိရဘူး။ ဒါပေမယ့် KIA ကနေ အရင်သူတို့ ထားခဲ့နေရာတွေမှာ တပ်ချနေထိုင်တဲ့ စစ်တပ်ကို ပြန်တိုက်လာတယ်လို့ဘဲမြင်တယ်” နမ့်ဗျူကျေးရွာ နှင့် နီးစပ်သည့်နေရာတွင်ရှိသော စျေးသည်တစ်ဦးက KNG ကို ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နမ့်ဗျူဒေသသည် ယခင်က KIA ထိန်းချုပ်ခဲ့သောနေရာများဖြစ်သော်လည်း လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့သော နေရာများဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်တွင်လည်း နမ့်ဗျူဒေသတစ်လျှောက်တွင်ရှိသော ရွှေနှင့် ပယင်းမှော်တူးသည့် ဒေသခံပြည်သူများ ကို အမြန်ဆုံးထွက်ခွာသွားရန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စာဖြန့်ခဲ့ပြီးနောက် တိုက်ပွဲ ထပ်မံ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button