တိုက်ပွဲသတင်း

အင်းတော်ကြီး ချောင်းဝပြည်သူ့ စစ်စခန်းကို KIA နှင့် PDF မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝပြည်သူ့စစ်စခန်းတစ်ခု ယနေ့ ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။

ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ အင်းတော်ကြီးနှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ချောင်းဝ ပြည်သူ့စစ်စခန်းအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက KNG သို့ ပြောသည်။

“မှန်ပါတယ်ခဗျ ဒီနေ့မနက်လေးနာရီလောက် မှာ သိမ်းခံလိုက်ရတာပါ။ လူတော့ မရှိတော့ဘူးလို့ကြားတယ်။ ဒီဘက်က သေနတ်တွေပစ်တော့ စခန်းကလူတွေက နောက်ဆုတ်သွားကြတယ်။ စခန်းကို ပဲမီးရှို့ပြီး ပြန်ခဲ့တယ်တဲ့ လက်နက်ငယ်ပစ် သံတွေတော့ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ပစ်ခတ်မှုတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကမှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ဆုတ်ခွာသွားသည့်အတွက် နှစ်ဘက်ပစ်ခတ်မှု မရှိခဲ့သောကြောင့် ထိခိုက်မှုမရှိကြောင်းလည်းသိရသည်။

“အဲ့ဒီချောင်းဝပြည်သူ့စစ်တွေက စခန်းကိုဆုတ်ခွာပြီး လုံးတုန် ပြည်သူ့စစ်စခန်းနဲ့သွားပေါင်းလိုက်တယ် လို့သိရတယ်”ဟု အခြားဒေသ ခံတစ်ဦးကပြောသည်။

ယနေ့ ပစ်ခတ်ခံရသော ချောင်းဝ ပြည်သူ့စစ်စခန်းသည် ယခင်အာဏာမသိမ်းခင်ကတည်းက တပ်စွဲထားသည့် စခန်းဖြစ်ပြီး အင်းတော်ကြီးဒေသတစ်လျှောက် အမာခံတပ်စွဲနေထိုင်ခဲ့သည့် စခန်းလည်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရမှုရှိခဲ့ပြီး ပြည်သူ့စစ်စခန်းသိမ်းခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။

Show More

Related Articles

Back to top button