သတင်း

ကသာနယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ် ဂျက်လေယာဉ် ၂စီးဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်း မဲဟင်းရွာ နှင့် မင်းလယ်ရွာ ၂ခုကြားကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွှဲ ၂နာရီဝန်းကျင် ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဂျက်လေယာဉ် ၂စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနေထိုင်သည့်ဘက်သို့ ဦးတည်ကာ ၇ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

“ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာမဟုတ်ဘူးလို့တော့ထင်တယ်။ အဲ့မှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်ထင်ပြီးမှ ကျဲတာဖြစ်လောက်နိုင်တယ်။ မဲဟင်းနဲ့မင်းလယ်ရွာကြားမှာလည်း ရွာတွေရှိတယ် ဒါကြောင့်ဘယ်ကိုကျဲတယ် ထိခိုက်မှု ရှိမရှိကိုတော့ မသိသေးဘူး။ လောလောဆယ် ရွာကိုပြန်ကပ်လို့မရဘူးစစ်ကြောင်းလည်းထိုးနေတယ်”ဟုပြောဆိုသည်။

လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်သည့်အပြင် မြေပြင်တွင်လည်း စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် လက်ရှိတွင် ကျေးရွာ ၅ခုဖြစ်သည့် မင်္ဂလာသုခ၊ ဘောမရွာ၊ မဲဟင်း၊ တဂူး၊ မင်းလယ်နှင့် ဂဒက် စသော ကျေးရွာများက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အဆိုပါ ကသာနယ်အထက်ပိုင်းတွင် ယနေ့တစ်ရက်အတွင်း စစ်ကောင်စီတပ်သည် ရေကြောင်းဖြင့်စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ကသာနယ် ကျော်ပြင်ရွာ ဒေသခံပြည်သူများ၏ ကျွဲ၊နွားများ လက်နက်ကြီးထိမှန်သေဆုံးမှုများနှင့် လူနေအိမ်ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။

ကသာအထက်ပိုင်းတစ်ကြောတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန် ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button