စစ်ပြေးဒုက္ခသည်များသတင်း

ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ

ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်နှင့် SNA အဖွဲ့တို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေ သောကြောင့် ဆယ်ဇင်း အနီးတဝိုက်ရှိ ရွှေမှော် ၂၀ ဝန်းကျင် မှ ပြည်သူ ၃၀၀ ကျော်ခန့် ဖားကန့် တာမခန်ဘက်သို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဩဂုတ်လ ၁၁ ရက် ယမန်နေ့ ညပိုင်းမှ စတင်ကာ ဆယ်ဇင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ကျေးရွာအနီး ပတ်ဝန်းကျင်ဘက်သို့ ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ရွှေမှော်ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆယ်ဇင်း ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောဆိုသည်။

“သူတို့က KIA နဲ့ PDF ရှိတယ် ထင်တဲ့ နေရာဘက်မှာ ညကတည်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ အခု မနက်ပိုင်းအထိ ပစ်နေတယ်။ အနီးတဝိုက်မှာ ရွှေမှော် ရွာငယ်တွေရှိပါတယ်။ အဲ့ရွာက လူတွေ ဒီမနက် ပြန်ထွက်လာကြပါပြီ။ တာမခန်ဘက်ကို ရောက်လာတဲ့ သူတွေရှိသလို ရွာထဲက ထွက်နေဆဲ ဖြစ်တဲ့ ပြည်သူတွေလည်း ရှိပါသေးတယ်” ဟု ပြောဆိုသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသည့် ဆယ်ဇင်း ရွှေမှော်များသည် ဝေဟုန်၊ ပင်းယခံ၊ မှော်ကဋေ၊ ကညှင်ပြန့်၊ နတ်ဆယ်၊ ချမ်းသာအေး၊ ချမ်းသာကုန်း၊ ကျောက်ပုံး၊ ဝေမှော်အောင်၊ လက်ခတ်၊ ပျာစွယ်၊ ရွှေဘော်ကျွန်း၊ နွံကုတ်၊ တဲပတောင်၊ နောက်ကမ်းသာ၊ စိုက်ခေါက်၊ နံပုတ်၊ ရခိုင်ကုန်းနှင့် ဝေကမ်တို့ဖြစ်ကြသည်။

ဖာကန့် တာမခန်ဘက်တွင် ဩဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့ ဆယ်ဇင်း စစ်ရှောင်ပြည်သူများ ၄၀၀၀ ကျော်ရောက်ရှိလာပြီး လက်ရှိတွင် ရွှေမှော်များဘက်မှ စစ်ရှောင်များ ပြန်လည် ဝင်ရောက်လာပါက တာမခန်၊ ဟောင်ပါး တို့တွင် ဆယ်ဇင်း စစ်ရှောင် ၅၀၀၀ ဝန်းကျင်ရှိလာနိုင်ကြောင်း ဆယ်ဇင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

တာမခန် ဟောင်ပါးဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်ခန့်သည့် ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ် မှ လူနေ ၆၇၀ ဝန်းကျင်အထိ မီးရှို့ဖျက်စီးလိုက်ခြင်းနှင့် ပြည်သူများကို ပစ်သတ်သည့် လုပ်ရပ်ကြောင့် ထွက်ပြေး လာသူများဖြစ်သည်။

“ရွာအတွင်းမှာ စစ်ကောင်စီနဲ့ ရှမ်းနီတို့ မရှိတော့မှ ကျနော်တို့ ပြန်ရဲမှာဖြစ်တယ်။ သူတို့ရှိနေသရွေ့တော့ ပြန်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ နေစရာအိမ်တွေလည်း မရှိတော့ပါဘူး။ တကယ်လို့ ပြန်ရင်တောင် ရွာကို ပြန်လည်တည်ထောင်ဖို့က ကြိုးစားယူရတော့မှာပါ။ ဒါကြောင့် ရက်ရှည်လည်း ဖြစ်လာနိုင်ပါတယ်။ အဲ့ကြောင့် တာဝန်ရှိတဲ့သူတွေအနေနဲ့ ကူညီထောက်ပံ့ပေးတာတွေ လုပ်စေချင်ပါတယ်” ဟု ဆယ်ဇင်း စစ်ရှောင်တစ်ဦးက စိတ်မကောင်းစွာဖြင့် ပြောဆိုထားသည်။

ထို့နောက် ဆယ်ဇင်း ရွာဘုန်းကြီးကျောင်းအတွင်း စစ်ကောင်းပိတ်ဆို့ထားသည့် ဒေသခံပြည်သူ ၃၀၀ ကျော်ခန့်သည်လည်း ယမန်နေ့ည လွတ်မြောက်လာပြီဖြစ်ကြောင်း ဆယ်ဇင်း ဒေသခံများထံမှ သိရသည်။

ဆယ်ဇင်းဒေသတွင် ဩဂုတ်လ ၈ ရက်နေ့မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်၊ SNA တပ်တို့ကြား စစ်ရေးတင်းမားလျက်ရှိနေသည်။

ယမန်နေ့တွင် ဆယ်ဇင်း KIA တပ်ရင်း ၂၆ ကို စစ်ကြောင်းထိုး တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်ဘက်မှ ဖားကန့်နှင့် စစ်ကိုင်းအစပ် ပန်ခြေတွင် ရဟတ်ယာဉ် ၂စီးဖြင့် စစ်အင်အား ၆၀ ဝန်းကျင်ခန့် ထပ်မံတိုးချဲ့ထားသောကြောင့် တိုက်ပွဲထပ်မံ ပြင်းထန်နိုင်ကြောင်း ဒေသခံများ သုံးသပ်ပြောဆိုထားသည်။

Show More

Related Articles

Back to top button