ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာအနီးရှိ ဇရပ်တစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားနိုင်သည်ဟု Banmauk Revolution-BR မှ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်တွင် ဗန်းမောက်မြို့ အနောက်တောင်ဘက်ခြမ်းရှိ ပေကုန်းရွာအနီးရှိ ဇရပ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည်ကို သတင်းရရှိသဖြင့် KIA နှင့် PDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ၁ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အရင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကနေကျန်ခဲ့တဲ့ လက်ကျန်အင်အား၈၀လောက်နဲ့ဖြစ်တာ။ သူတို့က အမြဲတမ်း ကျနော်တို့ရှိတဲ့ဘက်ကိုလည်း မလာနိုင်ဘူး နောက်ကိုလည်းပြန်မဆုတ်နိုင်ဘူး။ သူတို့တောနင်းတဲ့ပုံစံမျိုးနဲ့ ပေကုန်းရွာအနီးက ဇရပ်မှာအထိုင်ချတဲ့အချိန် သွားတိုက်ပြီးတိုက်ပွဲဖြစ်ပွားခဲ့တာပါ” ဟု Banmauk Revolution-BRမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုအပြင် ညပိုင်း ၁၁ နာရီတွင်လည်း KIA နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီဘက်ကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရကာ ကျဆုံးမှု များပြားနိုင်သည်ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင်လည်း ဗန်းမောက်မြို့ တောင်ပိုင်းရှိ ဒယူးတောင်လယ် သက္ကယ်တောင်အနီးတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ပေကုန်းရွာသည် ဗန်မောက်မြို့နယ် အနောက်တောင်ဘက်တွင် တည်ရှိကြောင်း သိရသည်။