သတင်း

မြစ်ဆုံအထက် တောင်ယာစပါးခင်း သုံးပုံနှစ်ပုံအထိကို ကြွက်ဘေးကျရောက်ပြီး ဖျက်ဆီးခံရ

ဆွမ်ပရာဘွမ် နှင့် အင်ဂျန့်ယန်မြို့နယ်တွင် အဖြစ်များသော ကြွက်ဘေးသည် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန်ကျေးရွာတွင်လည်း ဝင်ရောက်လာပြီး ကျေးရွာ တောင်သူများ၏ စပါးစိုက်ခင်း သုံးပုံနှစ်ပုံကျော် ဖျက်ဆီးခံလိုက်ရပြီဟု သိရသည်။

အင်ဂျစ်ယာန်ကျေးရွာရှိ အိမ်ထောင်စု ငါးဆယ်ကျော်သည် တောင်ယာလုပ်ကိုင်၍ နှစ်စဥ်အသက်မွေးဝမ်းကြောင်းပြုလျက်ရှိပြီး ယခုနှစ် တောင်ယာစိုက်ဧက ၈၀ ကျော်အနက် ဧက ၆၀ ကျော်အထိကို ကြွက်များ၏ ဖျက်စီးခြင်း ခံလိုက်ရသောကြောင့် အငတ်ဘေးကြုံနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။

” ဒီလဆန်းပိုင်းကနေ ကျွန်တော်တို့ရဲ့တောင် ယာတွေကြွက်စားသွားတာ ဆိုးဆိုးဝါးဝါးစား သွားတာ ရစရာမရှိတော့ဘုး ဧက ၈၀ ကျော်လောက်မှာ ဧက ၂၀ ကျော်လောက်ပဲကျန်တယ် ကျွန်တော်တို့တောင်ယာလုပ်ကိုင်တဲ့လူကတော့ ဆုံးရှူံးမှုပဲ တောင်ယာမလုပ်တဲ့လူတွေအတွက်တော့မဆုံးရှုံးပါဘုးကျွန်တော်တို့က ဒါနဲ့ပဲစား ရတာ ဒီနှစ်က အငတ်ဘေးကို ရင်ဆိုင်ရဖို့များတယ် အလုပ်အကိုင်ကမရှိ ဟုပြောသည်။

စပါးခင်းဖျက်ဆီးခံလိုက်ရသည့် အိမ်ထောင်စု ၄၀ နီးပါးရှိပြီး လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှု မရရှိရင် ယခုနှစ်အငတ်ဘေးကြုံရနိုင်ခြေရှိကြောင်း ယင်းဒေသခံများကဆိုသည်။

ဒီတောင်ယာတွေပျက်စီးသွားတော့ဘာနဲ့စားရမလဲ မသိတော့ဘူး။ အဲ့ကြောင့် လူမှုကူညီရေးအဖွဲ့တွေဘာတွေက ထောက်ပံ့နိုင်ရင်ကောင်းတယ်။ အခုစစ်ကောင်စီကလည်းထောက်ပံ့မလားပေါ့ ဒီနေ့တော့ ရွာကလူကြီးတွေတင်ပြလို့ စစ်ကောင်စီက တောင်ယာပျက်စီးသွားတဲ့အိမ်ထောင်စုတစ်ုကိုဆန်တစ်အိတ်ထောက်ပံ့တယ်။ ပုံမှန်ထောက်ပံ့နိုင်ရင်တော့ ကောင်းတယ် ဒါမှမဟုတ်ရင်တော့အစာငတ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသများဖြစ်သော ဆွမ်ပရာဘွမ်၊ အင်ဂျန့်ယန်၊ မချမ်းဘော့ နှင့် နောင်မွန်မြို့နယ်များတွင် ကြွက်ဘေးဝင်ရောက်ခဲ့ပြီး ဒေသခံများ စိုက်ပျိုးထားသော ကောက်ပဲသီးနှံ နှင့် အစားအသောက်များကို ဖျက်ဆီးခံလိုက်ရသည်။ ထိုကာလများတွင် ငတ်မွတ်မှုကြောင့် သေဆုံးမှုများရှိခဲ့သလို ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့သည်။

အဆိုပါဒေသများတွင် ပေါက်ရောက်သော ဝါးတစ်မျိုးသည် နှစ်ပေါင်း ၄၅၅၀ အတွင်း အသီးသီးပြီး ထိုကာလတွင် ကြွက် နှင့် အခြားပိုးကောင်များသည် အင်အားကြီးမားလာပြီး စိုက်ပျိုးသီးနှံများကို ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button