သတင်း

စစ်ကောင်စီက PDF ယောင်ဆောင်ကာ ကျေးရွာအတွင်း ဖမ်းဆီးမှု ပြုလုပ်မည်ဟု သတင်းရထားကြောင်း အင်းတော် PDF ထုတ်ပြန်

အင်းတော်မြို့နယ်တွင် ရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ် PDF ဝတ်စုံဖြင့် အယောင်ဆောင်ကာ မြို့၊ ရွာများတွင် စစ်ဆေးဖမ်းဆီးမူများ ပြုလုပ်မည်ဟု သတင်းထွက်နေသည့်အတွက် ပြည်သူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အင်းတော် PDF က သတိပေးထားသည်။

သြဂုတ်လ ၂၃ ရက်နေ့က နဘားကျေးရွာဘက် မှ အင်းတော်ဘက်သို့စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ခန့်ပါသော တပ်မ ၈၈ တပ်သည် PDF ဝတ်စုံများ တစ်ပါတည်းယူဆောင်လာပြီး PDF အယောင်ဆောင်၍ ပြည်သူများကို လိုက်လံဖမ်းဆီးရန် ကြိုတင်စီစဥ်နေသောကြောင့် ပြည်သူများအနေဖြင့်အထူးသတိပြုရန်လိုအပ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

စစ်သားတွေက ဒီအင်းတော်နယ်ဘက်မှာ PDF အယောင်ဆောင်ပြီး PDF ကိုကူညီပေးနေတဲ့ ပြည်သူတွေကို ဖမ်းဖို့ စီစဥ်နေတာကကြာပြီဗျ။ သူတို့အမိန့်စာလည်း အရင်ရထားတယ် ဖရဲသီးတွေဆီကနေ အခုကအဲ့သတင်းပြန်ကြားနေရတယ်။ အခုဝင်လာတဲ့စစ်ကြောင်းထဲမှာက ဗန်းမောက်ဘက်ကနေ PDF အကျီတွေတစ်ခါတည်းပါခဲ့တယ်လို့သိရတယ်။ အဲ့ကြောင့် ပြည်သူတွေအနေနဲ့ PDF ဆိုပြီးလာရင် သတင်းပေးဖို့ လိုမယ် တစ်ခါတည်းမကူညီဖို့ပေါ့ဟုပြောဆိုသည်။

စစ်ကောင်စီ စစ်သားများ ယူဆောင်လာသည့် ဗန်းမောက် PDF ဝတ်စုံသည် အင်းတော် PDF ဝတ်စုံနှင့်ဆင်တူသာ ဖြစ်ပြီး ဘတ်တံဆိပ်သာ ကွာမည်ဖြစ်ကြောင်း သိရသည်။

သူတို့က PDF အယောင်ဆောင်ပြီးလာမယ်ပေါ့ ရှေ့ပြေးအဖွဲ့က PDF အယောင်ဆောင်ပြီး ပြေးမယ်နောက်က တစ်ဖွဲ့ကလိုက်ပစ်မယ် စစ်သား တွေပစ်တဲ့ပုံစံမျိုးနဲ့ပြေးပြီးရွာဝင်မယ်ပြီးတော့ကူညီတဲ့သူဆိုရင် ဖမ်းမယ်ပေါ့ အဲ့ကြောင့် ကျနော် PDF ပါကူညီပါဆိုပြီးပြောလာရင်မကူညီကြဖို့နဲ့ ကျနော်တို့ဆီသတင်းပေးကြဖို့ ပြည်သူတွေဘက်ကလုပ်ဖို့လိုမယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိ နဘားကျေးရွာအထက်  တောတွင်းတွင် ရှိနေပြီး အင်းတော်မြို့နယ်တွင် လတ်တလော စစ်ကြောင်း တစ်ကြောင်းတည်းသာ စစ်ရေးလှုပ်ရှားနေကြောင်းသိရသည်။

သြဂုတ်လ ၂၃ ရက်နေ့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်လာစဥ် အင်းတော် PDF  KIA ပူးပေါင်းတပ်များက နဘားလမ်းဆုံနေရာတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ ဆယ်ဦးနဲ့ သေဆုံးသူ ငါးဦးထက်မနည်းရှိခဲ့ပြီး ယင်းလမ်းဆုံအနီး မြှပ်ထားသည့် စစ်သားအလောင်းသုံးလောင်းကို ယနေ့ နံနက် ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းစဥ် တွေ့ခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

Show More

Related Articles

Back to top button