အင်တာဗျူး

ကသာ ဧရာဝတီမြစ်ကြောင်း တိုက်ပွဲအခြေအနေ ဆက်သွယ်မေးမြန်းချက်

ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျောက်မှာ ယခုလ ၂၀ ကျော်မှ စတင်ကာ စစ်ကောင်စီ စစ်သင်္ဘော ၆ စီးကို လုံခြုံရေးယူပေးတဲ့အဖွဲ့နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား နေ့စဉ် ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ သင်္ဘောများ ဖျက်ဆီးခံရမှုရှိသလို စစ်ကောင်စီက ကျေးရွာတွေမှာ ဝင်ရောက်လာတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူအများအပြားလည်း ရှိခဲ့ပါတယ်။

ကသာမြို့နယ်အတွင်း ပြီးခဲ့တဲ့ တစ်ပတ်သာ တိုက်ပွဲအခြေနေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကသာပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။

 မေး။ တစ်တစ်လော ကသာမြို့နယ်ရဲ့ စစ်ရေးအခြေအနေဘယ်လိုရှိလဲ။

ဖြေ။ အခုလောလောဆယ် ကသာမြို့နယ်ထဲမှာတော့ စစ်ရေးကတော့ အေးနေပါတယ်။

မေး။ တစ်လောက စစ်ကောင်စီတွေ လေယာဉ်နဲ့လာပစ်တာတွေလည်းရှိတော့ ဒီတစ်ကြိမ်မှာ စစ်ကောင်စီက ဘယ်အချိန်လောက်ကနေ စစ်ကြောင်းထိုးလာလဲ။

ဖြေ။ သူတို့တွေ သင်္ဘောမတက်ခင်ကတည်းက သင်္ဘောလုံခြုံရေးယူဖို့ တက်လာတာဟုတ်တယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကတည်းကစပြီး ၁၂၁ စစ်ကြောင်းထွက်လာတာ။

မေး။ ဩဂုတ်လ (၁၂) ရက်နေ့နောက်ပိုင်း စစ်ကောင်စီနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်နှစ်ကြိမ်လောက်တိုက်ပွဲ ဖြစ်သလဲ။

ဖြေ။ အဲဒါကတော့ဖြစ်တယ်။ ကသာမြို့နယ်အနေနဲ့ပြောရမယ်ဆိုရင် ၁၂ ရက်နေ့နောက်ပိုင်း ဧရာဝတီအနောက်ခြမ်း မိုးသားတိုက်နယ်ဘက်က () ရက်နေ့က ထွက်လာတယ်၊ ၁၁ ရက်နေ့ ဆင်ဂုံတိုင်ဘက်ကို ရောက်လာတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကေအိုင်အေ တပ်မဟာ () ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ နောက် ကသာကနေ အထက်ဘက်ကုန်းကြောင်း ဆန်တက်လာတဲ့ သင်္ဘောလုံခြုံရေးယူမယ့်သူတွေနဲ့လည်း အဲဒီနေ့မှာပဲ နဂူးရွာဟောင်းနားလေးမှာ တိုက်ပွဲဖြစ်တယ်။ အဲနောက်မှာ ဘံဘွေးကုန်းတိုက်ပွဲဖြစ်တယ်။ ဒါနောက်ဆုံးတိုက်ပွဲပေါ့။

မေး။ နှစ်ဖက်အခြေအနေကို ပြောပြပေးလို့ရမလား။

ဖြေ။ စစ်ကောင်စီဘက်က ၄၂ ယောက် ကျပြီးတော့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲက ၄ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်။

မေး။ လေယာဉ်တွေသုံးတာက ဘယ်လိုအခြေအနေတွေကြောင့်လဲ။

ဖြေ။ သူတို့လေယာဉ်သုံးတယ် သူတို့ပဲ ပြန်ထိတယ်။ ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေက နောက်ဆုတ်သွားတာပေါ့။  နောက်တော့ ဒဏ်ရာရ၊ သေတဲ့ရဲဘော်တွေကို သယ်သွားတယ်။ ကသာဘက်ကနေ မော်တော်နဲ့ ကူးလာပြီးတော့ စစ်ကြောင်းထပ်ဖြည့်တယ်၊ ၇၀၁၀၀ ကြားရှိမယ်။

 မေး။ လက်ရှိမှာ စစ်ကောင်စီတွေ ဘယ်နေရာတွေမှာ တပ်စွဲထားသလဲ။ ကသာနယ်မှာ စကစ အင်အားဘယ်လောက်ရှိမယ်လို့ ခန့်မှန်းရပါသလဲ။

ဖြေ။ လက်ရှိအနေနဲ့ပြောရမယ်ဆိုရင် ဘံဘွေကုန်းမှာလည်း ရှိတယ်။ ပြီးတော့ ဧရာအနောက်ခြမ်းက မိုးသား လေးမှာရှိတယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း ပေါင်းရင် ၃၀၀ ကျော်လောက်ရှိမယ်။

မေး။ ကသာမှာ ဘယ်တပ်တွေ အဓိကလှုပ်ရှားနေပါသလဲ။

ဖြေ။ အဓိကတော့ ညောင်ဦးက ခမရ ၄၁၅/၄၁၆ တို့အဓိကလှုပ်ရှားတယ်။

မေး။ ကသာက စစ်ကောင်စီတွေအတွက် စစ်ရေးအရ ဘယ်လောက်ထိ အရေးပါပါသလဲ။

ဖြေ။ ကသာအနေနဲ့ အချက်အချာကျတယ်။ ကသာက ခရိုင်မြို့ဖြစ်တဲ့အတွက်၊ အဲ့မှာ ခမရ၃၀၉ အခြေစိုက်ထားတဲ့အတွက် နဲနဲအရေးပါတာပေါ့။

မေး။ ကသာဒေသခံပြည်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။

ဖြေ။ ကျေးရွာတွေက စစ်ကောင်စီတွေထွက်သွားပြီးတဲ့နောက် ရွာကိုပြန်သွားနိုင်တဲ့သူတွေလည်း ပြန်သွားနိုင်ပြီ၊ ဘံဘွေကုန်း၊ ရေနီ၊ သစ်ဖြူကုန်း၊ အဲဒီရွာတွေက သူတို့ရွာတွေကို ပြန်မသွားနိုင်သေးဘူး၊ စစ်ကောင်စီတပ်တွေရှိနေလို့ နီးစပ်ရာရွာတွေ၊ အခင်းတောတွေမှာ ခိုလှုံနေကြတယ်။

မေး။ ဒေသခံပြည်သူတွေအတွက် ဘာအခက်အခဲတွေရှိနေလဲ။

ဖြေ။ ယာယီဆိုတော့ အရမ်းအခက်အခဲတော့ မရှိဘူး။ စစ်ရှောင်စခန်းလို မဟုတ်ပဲ စစ်ကောင်စီတွေလာတဲ့အချိန် ၇ ရက်၊ ၁၀ ရက် နီးစပ်ရာ ဆွေမျိုးတွေဆီ ခဏသွားနေတဲ့အတွက် ရပါတယ်။ ဒါပေမယ့် ကျန်းမာရေး ကုသရေးအပိုင်းမှာ ဒီအချိန်တုတ်ကွေးလည်း ဖြစ်ကြတော့။

မေး။ ဒီတစ်ခေါက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးတော့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေရှိသလား။ ထိခိုက်တာ

ဖြေ။ ကသာမြို့ကနေ ၁၂၀ နဲ့ပစ်ကူတဲ့အခါ သစ်ဖြူကုန်းက ၄ ယောက်ဒဏ်ရာရတယ်လို့ပြောတယ်။ ကျွန်တော်လည်း မအားသေးလို့ အတိအကျ မမေးရသေးဘူး။ ဖမ်းဆီးတာတွေတော့ နောက်ထပ်မကြားရသေးဘူး။

မေး။ စစ်ကောင်စီတွေ စစ်ကြောင်းထိုးရင် ဘယ်အပိုင်းက အဓိကထားလဲ။

ဖြေ။ အဓိကကတော့ ဧရာဝတီမြစ်ကမ်းကို အဓိကထားတယ်။

မေး။ ဘယ်လိုပုံစံနဲ့ စစ်ကြောင်းထိုးသလဲ။ ပြောင်းလဲလာလား။

ဖြေ။ အရင်ကတော့ စစ်ကြောင်းထိုးမယ်ဆိုရင် သူ့တည်နေရာကနေတိုက်ရိုက်ဦးတည်ပြီးတော့မှ ထွက်လာတယ်၊ ပြီးရင်လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ဖမ်းတယ်၊ ဒါကတော့ အခုလည်း အတူတူပဲ။ ပြီးတော့ လူသားဒိုင်းလုပ်၊ လမ်းပြခေါ်၊ ပြီးရင် သူတို့အထုပ်တွေကို ထမ်းခိုင်းတယ်၊ အခုကျတော့ သူတို့စစ်ကြောင်းထိုးလာတိုင်း မိုင်ခွဲခံရတာတို့ရှိတော့ ပုံစံနည်းနည်းပြောင်းလာတော့ သူတို့တည်နေရာကနေ အရှေ့ဘက်ကို အရင်ထွက်၊ ပြီးတော့ တောင်ဘက်ကိုပြန်ပတ်၊ သူတို့ဦးတည်ချက်နေရာကို နီးလာမှ ညအချိန်သူတို့နေရာကို ဝင်လိုက်တယ်။ ဟိုတုန်းကတော့ စစ်ကြောင်းထွက်မယ်ဟေ့ဆိုရင် သူတို့တည်နေရာကို တိုက်ရိုက်တည့်တည့်သွားတယ် အခုတော့ ကွေ့ဝိုက်ပြီးတော့ သွားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေ ခြေရာခံလို့မရအောင်၊ ခန့်မှန်းလို့မရအောင်၊ ကြိုတင်နေရာယူပြီး မိုင်းထောင်လို့မရအောင်ပေါ့။

မေး။ စစ်ကောင်စီတွေစစ်ကြောင်းထိုးတာ အရင်ကထက်ပိုအားကောင်းသလား၊ အားနည်းလာသလား။

ဖြေ။ ဟိုအရင်ကထက် နေရာဒေသအသီးသီမှာ အားနည်းသွားတယ်။ အရင်ကတော့ စစ်ကြောင်းတစ်ကြောင်းထိုးရင် အင်အား ၁၀၀ ကျော်အလုံးအရင်းနဲ့ ထိုးတယ်။ အခုနောက်ပိုင်း ၇၀၊၆၀၊၅၀ လောက်ပဲထိုးနိုင်တော့တယ်။ ဒါပေမယ့် စစ်ကြောင်းထိုးတဲ့အခါတိုင်း တစ်ကြောင်းပဲမဟုတ်ပဲ နှစ်ကြောင်း၊ သုံးကြောင်းထိုးလာတယ်။

မေး။ ရှေ့ဆက် ကသာနယ်မှာ စစ်ရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်သလဲ။

ဖြေ။ စောင့်ကြည့်နေတုန်းပဲ။ ထိတွေ့တိုက်ပွဲတွေတော့ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သူတို့ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်။ 

Show More

Related Articles

Back to top button