Covid-19 Reportingသတင်း

ကချင်တွင် ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးနေပြီး ယခုလအတွင်း လူပေါင်း ၁၀၀ နီးပါးတွင် ကိုဗစ်ပိုးတွေ့

ကချင်ပြည်နယ်တွင် နေ့စဥ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတိုးနေပြီး စက်တင်ဘာ ၁ ရက်နေ့မှ ယနေ့ အထိ ကူးစက်လူနာအသစ် ၁၀၀ နီးပါး ရှိပြီဟု စစ်ကောင်စီလက်အောက် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ပိုးတွေ့လူနာ နေ့စဥ်တိုးလာနေမှုနှင့် ပက်သက်၍ ကိုဗစ်-၁၉ အရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခု တာဝန်ရှိသူက ယခုကဲ့သို့ သုံးသပ်ပြောဆိုထားသည်။

”လူတွေက ကိုဗစ်ဆိုရင်သိပ်ပြီးမကြောက်တော့ဘူးဖြစ်နေတာ။ တွေ့နေရတာ လူဆယ်ယောက်မှာတစ်ယောက်လောက်ပဲ mask တပ်တော့တယ်ဆိုတော့ ကိုဗစ်ကအအေးကြိုတယ်။ အခုကမိုးကျတော့အေးတယ်။ ဆောင်းလည်းဝင်ခါစဆိုတော့ အအေးပိုင်းကို ရောက်နေပြီ လူတွေကဒါကိုသတိမထားမိကြာတာလားတော့မသိဘူး။ ခုနောက်ပိုင်းက ထူးထူးခြားခြား ကိုဗစ်ကတစ်ကျော့ပြန်တွေ့လာနေပြီ ဆိုတော့အားလုံးသတိနဲ့ပြန်ပြီးဂရုစိုက်ဖို့လိုလာပြီ။” ဟု ကိုဗစ်- ၁၉ အရေးဆောင်ရွက်နေသည့် လူငယ်တစ်ဦးက ပြောသည်။

လက်ရှိ ကိုဗစ် ပိုးတွေ့သော မြို့နယ်များမှာ မြစ်ကြီးနား ၊မိုးညှင်း ပူတာအို နှင့် ဗန်းမော်တို့မှအများဆုံးဖြစ်ပြီး မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်တို့မှလည်း ပါဝင်သည်။

”အခုပိုးတွေ့နေတဲ့ထဲမှာ နှစ်ကြိမ်တိတိ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသားလူတွေလည်းပါနေတယ်။ ဆိုတော့ကာကွယ်ဆေး ထိုးပြီးပါပြီ ဆိုပြီးတော့ ပေါ့ပေါ့နေလို့မရဘူး။ သူတို့လည်းကူးစက်ခံနေရတာတွေရှိနေတယ်” ဟု ကိုဗစ် – ၁၉ အရေးပါဝင်ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ပိုးတွေ့ခဲ့သည့် လူနာပေါင်း ၉၀ ကျော်တွင် ၃၀ ကျော်မှာ ဆေးရုံဆင်းပြီဖြစ်ပြီး လက်ရှိ ၅၀ ကျော်အထိ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

အထက်တွင်ဖော်ပြခဲ့သည့် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၉၀ ကျော်သည် သက်ဆိုင်ရာ မြို့နယ်၊ မြို့၊ ရပ်/ ကျေး ဆေးရုံ ဆေးခန်းများတွင် လာရောက်ဆေးကုသမှုခံယူရာမှ စစ်ဆေးတွေ့ရှိခဲ့သည့်လူနာများသာဖြစ်ပြီး အပြင်ဆေးရုံဆေးခန်း အဖွဲ့အစည်းများက စစ်ဆေးတွေ့ရှိခဲ့သည့် လူနာများမပါရှိသေးပေ။

ကချင်တစ်ပြည်နယ်လုံးတွင် ယခုနှစ် ဇန်နဝါရီ လမှစတင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၅၇၃၀ ကျော်အထိရှိခဲ့ပြီး ထိုအထဲ သေဆုံးသူမှာ ၅၈ ဦးတိတိအထိရှိခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button