သတင်း

အင်းတော် ၂ ရက်တိုက်ပွဲအပြီး စစ်ကောင်စီ အလောင်း ၁၀ လောင်းရှာတွေ့ဟု ပြည်သူ့ ကာကွယ်ရေးတပ် ပြောဆို

အင်းတော်မြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲအပြီး စစ်သား အလောင်း ၁၀ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောသည်။

အင်း ၇၀ ခန့်ဖြင့် အင်းတော်မြို့တွင်းမှ နန်းမကျိုင်းရွာဘက်သို့ ဝင်ရောက်လာသော ခမရ ၃၀၁ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF နှင့် ABSDF ပူးပေါင်းတပ်တို့မှ နန်းမကျိုုင်း ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ တစ်ကြိမ်၊ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

စစ်ကောင်စီတွေက ၁၇ ရက်နေ့ အင်းတော်ဘက်ကနေလာပြီး ကမ်းနီရွာမှာ ညအိပ်တာ ၁၈ ရက်နေ့ကတော့ နန်းမကျိုင်းဘက်ကို ခရီးဆက်ခဲ့တာမှာ နန်းမကျိုင်းချောင်းဖျားတောထဲမှာ နေ့လည် တစ်နာရီမှာတစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်တယ်။ ၁၈ ရက်နေ့က တိုက်ပွဲမှာတော့ စစ်သားတွေဘက်က မသေဘူး။ ကျနော်တို့ဘက်က တစ်ဦးကျတယ်။ သူကပျောက်နေတာပျောက်နေလို့ ၁၉ ရက်နေ့မနက် ခြောက်နာရီလောက်မှာ သူ့ကိုရှာတာ ရှာရင်းနဲ့ စစ်သားတွေက နန်းမကျိုင်းရွာနားမှာ ထမင်းစားနေတာ ကျွန်တော်တို့ဘက်က လက်ဦးမှုရပြီး စပစ်တာ အဲ့မှာတော့ ကျဆုံးများတယ် စစ်သားတွေ ဘက်က” ဟု ပြောသည်။

၁၈ ရက်နေ့ တိုက်ပွဲတွင် အင်းတော် PDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

၁၉ ရက်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုနေရာတွင် စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းတိတိ ရှာဖွေနိုင်ခဲ့သောကြောင့် အခြား ထိခိုက်မှုလည်း များနိုင်ကြောင်း သူက ဆက်လက်သုံးသပ်ပြောဆိုသည်။

၂၀ ရက်နေ့မှာ ရှေ့တန်းရဲဘော်တွေက နယ်မြေရှင်းလင်းရေးလုပ်တော့ တောထဲမှာမြှပ်ထားတဲ့ အလောင်း ၈လောင်းတွေ့တယ်။ ဒီနေ့ မနက်မှာထပ်ပြီး နယ်မြေရှင်းလင်းတာ ၂လောင်းထပ်တွေ့တယ် ဆိုတော့ ဆယ်ဦးမက ရှိမယ်” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် နန်းနောင်ကျော်ရွာတွင် ဝင်မွှေနောက်နေသောကြောင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွာသားတွေက နန်းနောင်နဲ့ ကျော်ရွာပေါင်းရင် ၁၈၀၀ ၊ ၂၀၀၀ နီးပါးရှိတယ်။ မနေ့ကတည်းက စစ်သားတွေက လက်နက်ကြီးနှစ်လုံးရွာထဲမှာပစ်ပြီး ဝင်လာကတည်းက ရွာလုံးကျွတ်တိမ်းရှောင် နေရတာ တချို့ကတောထဲမှာ တချို့ကတော့နီးစပ်ရာရွာတွေမှာ ပြည်သူတွေအချင်းချင်းဝိုင်းဝန်း ကူညီဖို့ လိုအပ်တယ်ဗျ လက်နက်ကြီးရွာထဲကျတာ ထိခိုက်မှုတော့ မရှိခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ခမရ ၃၀၁ စစ်ကြောင်းသည် စက်တင်ဘာလဆန်းပိုင်းကတည်းက အင်းတော်မြို့နယ်သို့ ရောက်လာခဲ့ပြီး စက်တင်ဘ ၁၀ ရက်နေ့တွင် နဘားကျေးရွာ၌ တပ်စွဲနေထိုင်စဉ် စစ်သားသုံးဦး ထွက်ပြေးသွားပြီး အင်းတော်ထီးချိုင့်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

Show More

Related Articles

Back to top button