သတင်း

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်နေရာအနှံ့တွင် ကင်းပုန်းများချထားကာ ဖမ်းဆီးရိုက်နက် မှုများလုပ်ဆောင်နေပြီး စက်တင်ဘာလ ၂၁ရက်နေ့ တစ်ရက်အတွင်း လူငယ် ၂ဦးဖမ်းဆီးခံလိုက်ရကြောင်းသိရသည်။

ယမန်နေ့ ညနေ ၄နာရီဝန်းကျင် အထက ()ကျောင်းရှေ့ လူငယ် ၁ဦးကို အရပ်ဝတ်ဖြင့် ရဲတပ်သား ၂ဦးက လမ်းပိတ်ဆို့ ဖမ်းဆီးသွားပြီး ည ၈နာရီဝန်းကျင်တွင် ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် လူငယ် တစ်ဦး ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦး KNG ကိုပြောသည်။

အထက ()ဘက်ဝင်လာတဲ့လမ်းမှာ ဆိုင်ကယ်စီးလာတဲ့ ကောင်လေးကို Honda Fit ကားတစ်စီးက သူ့ရဲ့ ရှေ့တည့်တည့်ပိတ်ချလိုက်ပြီး ဖမ်းသွားတာ။ ကောင်းလေးရဲ့ ဆိုကယ်ကိုတော့ အနီးမှာ ကင်းပုန်းခိုနေတဲ့ အရပ်ဝတ်နဲ့ ရဲ ၂ယောက်က ပြန်မောင်းသွားတယ်။ သူတို့ဖမ်းသွားတဲ့ ပုံစံအရမ်းမြန်တယ်။ သတင်းအတိအကျရထားတဲ့ ပုံစံနဲ့ ဖမ်းတာဖြစ်နိုင်တယ်။ ပြီးရင် ရမ်ပူဘက်မှာလည်း လူငယ်တစ်ယောက်ဖမ်းခံရတယ်လို့ကြားတယ်ဟုပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ဦးသည် မည်သူမည်ဝါဖြစ်သည်ကို KNG သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထို့နောက် မွန်းလွှဲ ၃နာရီဝန်းကျင်တွင် မြစ်ကြီးနားမြို့နယ် နမ်ကျင်ကျေးရွာရှိ နေအိမ်တစ်ခုကို စစ်ကောင်စီတပ်များမှ လူဖမ်းဆီးရန် ဝင်ရောက်စီးနင်းခဲ့ပြီး လာရောက်ဖမ်းဆီးသည့် သူမရှိသည့်အတွက် သူ၏ သားဖြစ်သူ အသက် ၆နှစ်အရွယ်ရှိ ကလေးငယ်အား ထိုးကြိတ်ရိုက်နက်မှု ပြုလုပ်သွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုနောက်ပိုင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အတွင်း လမ်းနယ် လမ်းကြားများတွင် ကင်းပုန်းများချထားပြီး ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြည်သူများ၏ နေအိမ်များကိုလည်း ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

Show More

Related Articles

Back to top button